မူဆယ် ၂၅ သြဂုတ် 


မူဆယ်မြို့၊ အဝေးပြေးယာဉ်လိုင်း၊ သိန်းသန်းချီကားကြီးကွင်းတွင် သောင်တင်နေကြသည့် အဝေးပြေးယာဉ်မောင်းသမားများအတွက် စားဝတ်နေရေးအခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရခြင်းကြောင့် မူဆယ်မြို့ရှိ အလှူရှင်အချို့နှင့် မထသမှ ထမင်းဟင်းများ လှူဒါန်းကျွေးမွေးခဲ့ကြောင်း သိရသည်။


“သူတို့က ယာဉ်လိုင်းလည်းမထွက်ရတာ (၉)ရက်လောက်ရှိပြီ။ အရင်တုန်းကတော့ သက်ဆိုင်ရာဂိတ်မှူးတွေက ချက်ကျွေးကြတာပေါ့၊ ရက်တွေကြာလာတဲ့အခါကြတော့ ဂိတ်မှူးတွေကလည်း အဆင်မပြေတဲ့အခါကျတော့ အလှူရှင်အချို့က လာရောက်လှူဒါန်းပေးပါတယ်၊ ဒီနေ့ကတော့ မထသကော်မတီက လှူဒါန်းချက်ကျွေးရတာပါ”လို့ မထသကော်မတီအတွင်းရေးမှူး ဦးမျိုးခိုင်ကပြောသည်။


မူဆယ်မြို့၊ အဝေးပြေးယာဉ်လိုင်း သိန်းသန်းချီကားကြီးကွင်းတွင် သောင်တင်နေသည့် အဝေးပြေးယာဉ်မောင်းသမားများ သုံးရာကျော်ရှိကြောင်း သိရသည်။ ထိုသို့ ရက်ကြာသောင်တင်နေခြင်းကြောင့် စားဝတ်နေရေးများ အခက်အခဲကြုံတွေ့နေရပြီး မူဆယ်မြို့ရှိ အလှူရှင်တစ်ချို့က ထမင်း၊ ဟင်းကို နံနက်၊ နေ့လယ်နှင့် ညနေအချိန်တို့တွင် လာရောက်လှူဒါန်းကျွေးမွေးခဲ့ကြောင်း သိရသည်။


ယခုလက်ရှိတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားခြင်းကြောင့် အဝေးပြေးယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲရန် ရက်အတိအကျမသိရသေးကြောင်း သိရသည်။ အဝေးပြေးယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲနိုင်ခြင်းမရှိပါက ယာဉ်မောင်းများ စားဝတ်နေရေးအခက်အခဲများ ဆက်လက်ကြုံတွေ့ရမည်ဖြစ်ပြီး အလှူရှင်များလည်း လိုအပ်နေကြောင်း သိရသည်။ ဆန်အိတ်များ၊ ဆီများ၊ ဆားများ၊ အသီးဟင်းရွက်များနှင့် အခြားစားသောက်ကုန်များကိုလည်း လာရောက်လှူဒါန်းရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။


“တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတဲ့အတွက် မူဆယ်မြို့မှာ သောင်တင်နေတာ ဆယ်ရက်ကျော်ရှိပါပြီ၊ ခုလိုလာရောက် လှူဒါန်းကျွေးမွေးပေးတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်”လို့ ယာဉ်မောင်း မောင်ကျော်ကြီးက ပြောသည်။ သြဂုတ် ၂၃ ရက်တွင် အလှူရှင်ဒေါ်မိုးသီတာရွှေ မိသားစုမှ လာရောက်လှူဒါန်းကျွေးမွေးခဲ့ပြီး သြဂုတ် ၂၄ နှင့် ၂၅ ရက်တွင် မူဆယ်မြို့ မထသကော်မတီက လှူဒါန်းကျွေးမွေးခဲ့ကြောင်း သိရသည်။ စေတနာပရဟိတအသင်းသူ၊ အသင်းသားများနှင့် နှလုံးသားလှ လူမှုကူညီးရေးအသင်းသားများကလည်း ယာဉ်မောင်းများ၏ တခြားလိုအပ်ချက်များကိုလည်း ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)