မယ်စဲ့ ၂၅ သြဂုတ်


ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် GMS Health Security Project (မဟာမဲခေါင်မြစ်ဝှမ်းဒေသစိပ် ကျန်းမာရေး ဘေးကင်းလုံခြုံရေးစီမံချက်) ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က မယ်စဲ့မြို့ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


ဆွေးနွေးပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ထွန်းက မဲခေါင်မြစ်ဝှမ်းနိုင်ငံများရှိ ပြည်သူ့ကျန်းမာရေး ဘေးကင်းလုံခြုံရေးအဆင့် ပိုမိုကောင်းမွန်လာစေရန်နှင့် အဆိုပါနိုင်ငံများရှိ ပြည်သူ့ကျန်းမာရေး ဘေးကင်းလုံခြုံရေးစနစ် အရည်အသွေးနှင့် လွှမ်းခြုံမှုကောင်းမွန်လာစေရန် အစရှိသည့် အကျိုးသက်ရောက်မှုများ၊ ရရှိမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အထက်တန်းသူနာပြု ဦးစိုင်းသီဟဝင်းက ဆေးရုံတစ်ရုံ၏ ကူးစက်ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများကို ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ NGO အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။


ဝတ်ရည်(ပြန်/ဆက်)