ကော့ကရိတ်  ၂၅  ဩဂုတ်


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးများ အချိန်မီ အစားထိုး ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် တောင်သူပညာပေး ဟောပြောခြင်းနှင့် Dapog SRISeed Blower နည်းဖြင့် စုပေါင်းပျိုးထောင်ခြင်း လက်တွေ့သရုပ်ပြသခြင်းကို သြဂုတ် ၂၄ ရက် မွန်းလွဲပိုင်းက ရေကျော်ကြီးကျေးရွာ တောင်သူဦးပေါ့၏ လယ်မြေတွင် ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးအရာရှိ ဒေါ်နော်သူးလေထီးက လက်တွေ့ပြသ ဟောပြောပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ပျက်စီးမိုးစပါးများ အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်စေရေးအတွက် သက်တန်းတို မျိုးစပါး ပျိုးထောင်နည်း၊ တိုက်ရိုက်အစေ့ချ စိုက်နည်းများနှင့် မြေဩဇာစနစ်တကျ အသုံးပြုနည်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်နိုင်က SRI, Dapog, SeedBlower တို့ဖြင့် စနစ်တကျ ပျိုးထောင်ခြင်းအား တောင်သူပညာပေး ရှင်းလင်းပြောကြားပြီး International Fertilizer Development Center (IFDC) NGO အဖွဲ့မှ လှူဒါန်းသည့် ရွက်ဖျန်းမြေဩဇာများကို တောင်သူများထံ ပေးအပ်ခဲ့သည်။


အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ဒေသခံတောင်သူ ၁၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။


ခင်မျိုးဝင်း(ခရိုင်/ပြန်ဆက်)