ရန်ကုန် ၂၅ ဩဂုတ်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကြီးမှူး၍ ကမ္ဘောဇဘဏ်နှင့် စင်ကာပူနိုင်ငံအခြေစိုက် ပရဟိတ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Smile Asia တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ကလေးငယ်များ ပိုမိုကောင်းမွန်သော ဘဝနေ့ရက်များ ပိုင်ဆိုင်နိုင်ရန် သတ္တမအကြိမ်မြောက် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးခြင်းကို ယနေ့နံနက်တွင် ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ အမျိုးသားသွေးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ယခင်အကြိမ်များအတွင်း မြန်မာနိုင်ငံတစ်ဝန်းမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင် ကလေးငယ် ၅၁၀ ကို ရာနှုန်းပြည့် အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး ယခု သတ္တမအကြိမ်ကို သြဂုတ် ၂၅ ရက်မှ ၃၁ ရက်အထိ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ Smile Asia ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်များက ဝေဒနာရှင်ကလေးငယ် (၁၄၀)ကျော်အတွက် လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ခွဲစိတ်ကုသမှုခံယူရန် အခြေအနေ ကောင်းမွန်သော ကလေးငယ်များအား ခွဲစိတ်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခွဲစိတ်ကုသမှု ခံယူကြမည့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်ကလေးငယ်များသည် ချင်းပြည်နယ် တီးတိန်မြို့၊ ကချင်ပြည်နယ် တတိုင်းမြို့၊ ရခိုင်ပြည်နယ် မင်းပြားမြို့ နှင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့ စသည်ဖြင့် အလွန်ဝေးလံသော ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ လာရောက်၍ အခမဲ့ခွဲစိတ်ကုသမှု ခံယူကြခြင်းဖြစ်သည်။
Smile Asia ဆေးဘက်ဆိုင်ရာအဖွဲ့တွင် ခွဲစိတ်ကုသရေး အစီအစဉ်များ ပြုလုပ်နိုင်ရန် အဖွဲ့ဝင်ပေါင်း (၃၈)ဦးဖြင့် ဖွဲ့စည်းထားပြီး အဆိုပါ အဖွဲ့ဝင်များအတွင်း အမေရိကန်၊ ဟောင်ကောင်၊ ဂျပန်၊ စင်ကာပူ၊ တရုတ်၊ မြန်မာနှင့် ဖိလစ်ပိုင်တို့မှ ဆရာဝန်များနှင့် စေတနာ့ဝန်ထမ်းများ ပါဝင်သည်။ Smile Asia ဆေးဘက်ဆိုင်ရာအဖွဲ့အား ပံ့ပိုးကူညီပေးနိုင်ရန် ကမ္ဘောဇဘဏ်အဖွဲ့သားများက လူနာစာရင်းများ ကောက်ယူခြင်းနှင့် ခွဲစိတ်ကုသမှုဆိုင်ရာ စီမံခန့်ခွဲမှုများ တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။ ကမ္ဘောဇဘဏ်က လူနာများ ခွဲစိတ်ကုသမှု ခံယူနေစဉ် တစ်လျှောက်လုံး လူနာနှင့်မိသားစုအတွက် အသွားအပြန် ခရီးစရိတ်များ တာဝန်ယူပံ့ပိုးခြင်း၊ လူနာများနှင့် မိသားစုဝင်များ နေထိုင်စားသောက်ရေးအတွက် စရိတ်ငြိမ်း အခမဲ့စီစဉ်ပေးခြင်းတို့အား ကူညီထောက်ပံ့ပေးထားသည်။ ထို့ပြင် ကမ္ဘောဇဘဏ်သည် ခွဲစိတ်ကုသမှုခံယူရန် လာရောက်နေထိုင်ချိန်အတွင်း လူနာများနှင့် မိသားစုဝင်များ ရန်ကုန်မြို့အတွင်း သွားရေးလာရေး အဆင်ပြေစေရန် မော်တော်ယာဉ်တစ်စီး စီစဉ်ထားရှိပေးထားသည်။
ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးမှ တာဝန်ရှိသူများ၊ ကမ္ဘောဇဘဏ်နှင့် Smile Asia ဆေးဘက်ဆိုင်ရာအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကမ္ဘောဇဘဏ်ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ လူနာများနှင့် ၎င်းတို့၏ မိသားစုဝင်များလည်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးမှ သံအမတ်ကြီး Ms. Vanessa Chan ၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါ်ရီရီမြင့်၊ Smile Mission ၏ Field Director နှင့် Smile Asia မှ အထွေထွေ ကောင်စီအသင်းဝင် Dr. Peter Pang နှင့် ကမ္ဘောဇဘဏ်မှ ဒုတိယအမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါ်နန်းလိုင်းခမ်းတို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ကမ္ဘောဇဘဏ်၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Mike Denoma တို့နှင့်အတူ ကမ္ဘောဇဘဏ်၊ IKBZ နှင့် ရန်ကုန်မြို့ရှိ တက္ကသိုလ်အသီးသီးမှ စေတနာ့ဝန်ထမ်းများက ကျန်းမာရေး စစ်ဆေးမှုခံယူနေကြသည့် လူနာများအား လိုက်လံတွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။
ကမ္ဘောဇဘဏ်နှင့် Smile Asia မှ မြန်မာနိုင်ငံတွင် ဆက်လက်ကျင်းပပြုလုပ်သွားမည့် အဋ္ဌမအကြိမ်မြောက် အခမဲ့ ခွဲစိတ်ကုသရေး အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်မှ ၁၆ ရက်အတွင်း နေပြည်တော်ရှိ ခုတင် (၁၀ဝ၀) ဆံ့၊ ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
ယခင် ကျင်းပပြုလုပ်ခဲ့သည့် အခမဲ့ ခွဲစိတ်ကုသရေး အစီအစဉ်များမှာ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်သာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဋ္ဌမအကြိမ်မြောက် အခမဲ့ ခွဲစိတ်ကုသရေး အစီအစဉ်သည် ကမ္ဘောဇဘဏ်နှင့် Smile Asia တို့အတွက် နေပြည်တော်တွင် ပထမဦးဆုံးအကြိမ်မြောက် ကျင်းပပြုလုပ်သွားမည့် အစီအစဉ်တစ်ခု ဖြစ်သည်။
MDN


