တာချီလိတ် ၂၅ သြဂုတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ် ရှစ်မြို့နယ်၌ ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးခြင်း အစီအစဉ်ကို သြဂုတ် ၂၆ ရက်မှ ၂၈ ရက်နေ့ထိ မွေးကင်းစမှ ငါးနှစ်အောက် ကလေး ခုနှစ်သောင်းကျော်အား တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဒေသအလိုက် ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးခြင်းလုပ်ငန်း၊ တာချီလိတ်မြို့နယ်အဆင့် အသိပညာဆွေးနွေးပွဲကို သြဂုတ် ၂၅ ရက် နံနက်ပိုင်းက မကာဟိုခမ်းရပ်ကွက်၊ ဆေးရုံဟောင်းရှိ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေးနှင့် ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာရွှေဝင်းနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့မမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။
အသိပညာပေးဆွေးနွေးပွဲတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေးက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြည်သူ့ကျန်း မာရေးမှူး ဒေါက်တာ ရွှေဝင်းက ဒေသအလိုက်ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်း လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ဒေသအလိုက် ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးခြင်းလုပ်ငန်းကို တာချီလိတ်မြို့ရှိ ရပ်ကွက်ရုံးများ၊ မယ်ယန်း၊ မိုင်းကိုး၊ မိုင်းဖုန်း၊ စန်းလု၊ မိုင်းဟဲ၊ တာလေ၊ မိုင်းလင်း၊ ကျိုင်းလတ်မြို့တို့တွင် ဆေးတိုက်စုရပ်ပေါင်း ၁၇၃ စုနှင့် ဆေးတိုက်အဖွဲ့ပေါင်း ၅၆ အဖွဲ့တို့ဖြင့် ငါးနှစ်အောက် ကလေး ၁၁၂၃၁ ဦးခန့်ကို သြဂုတ် ၂၆ ရက်မှ ၂၈ ရက်နေ့ထိ ကာကွယ်ဆေးများ တိုက်ကျွေးသွားမည်ဖြစ်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆက်၊ မိုင်းခတ်၊ မိုင်းယောင်း၊ မိုင်းတုံ၊ မိုင်းပျဉ်း၊ မက်မန်းစသည့် မြို့နယ် ၈ မြို့နယ်၌ မွေးကင်းစမှ အသက် ငါးနှစ်အောက် ကလေးခုနှစ်သောင်းကျော်ကို ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးသွားမည်ဖြစ်ကြောင်း တာချီလိတ်ခရိုင်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြင့်မိုရ်(တာချီလိတ်)


