၂၅ သြဂုတ်


ရောဂါဆိုတာမျိုးက မဖြစ်ခင်က ကာကွယ်တာအကောင်းဆုံးပါ။ ရောဂါကို ကာကွယ်ဖို့ အစားအသောက်တွေနဲ့ ကာကွယ်လို့ရသလို နေထိုင်မှုပုံစံပြောင်းလဲမှုကနေလည်း ကင်ဆာကို ကာကွယ်လို့ရပါတယ်။ ကင်ဆာကို ကာကွယ်မှုက အပြည့်အဝကာကွယ်ပေးနိုင်တယ်လို့ မဆိုသာပေမယ့် ကာကွယ်ထားတာကတော့ ပိုကောင်းမှာပါ။ ဒီတော့ ကင်ဆာကာကွယ်ဖို့ ဘာတွေစားကြမလဲ ဆက်ကြည့်လိုက်ရအောင်လား။


ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချဖို့ ဘာတွေစားရမလဲ။


ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချဖို့ နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ဒီအစားအစာတွေကို ထည့်စားပေးသင့်ပါတယ်။


ပန်းသီး


ပန်းသီးမှာ ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ အာနိသင်တွေရှိနေပါတယ်။ ဒါ့အပြင် ပန်းသီးစားသုံးပေးမှုက နာကျင်ရောင်ရမ်းမှု၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ ကူးစက်ရောဂါတွေ မခံစားရအောင် ကာကွယ်ပေးနိုင်မှာပါ။ ပန်းသီးမှာပါတဲ့ polyphenols ဒြပ်ပေါင်းက ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပန်းသီးစားသုံးပေးမှုက ရင်သားကင်ဆာကို အထိရောက်ဆုံးကာကွယ်ရာရောက်မှာပါ။


ဘယ်ရီသီး


ဘယ်ရီသီးမှာ ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့ အမျှင်ဓာတ်တွေအပြင် ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာစေပြီး ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဘယ်ရီသီးတွေက အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အရေပြားကင်ဆာ၊ အစာရေမျိုကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ်။


ပန်းဂေါ်ဖီ


ပန်းဂေါ်ဖီအပြင် ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်တို့မှာ ဗီတာမင် C၊ ဗီတာမင် K နဲ့ မဂ္ဂနိတို့ပါဝင်နေသလို ကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ ဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ sulforaphane တို့ပါဝင်နေပါတယ်။ ဒီဒြပ်ပေါင်းက ကင်ဆာကျိတ်တွေ ကြီးမလားအောင် ဟန့်တားပေးနိုင်စွမ်းလည်းရှိပါတယ်။ ဒါ့ကြောင့် အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အရေပြားကင်ဆာ၊ ခံတွင်းကင်ဆာတို့ကို ကာကွယ်ဖို့ တစ်ပတ်ကို ၃ ကြိမ်လောက် ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်းနဲ့ ကိုက်လန်တို့ကို စားပေးပါ။


မုန်လာဥနီ


ဘီတာကယ်လ်ရိုတင်း ကြွယ်ဝစွာပါဝင်နေတာကြောင့် ကင်ဆာကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင် မုန်လာဥနီမှာ ဗီတာမင် K၊ ဗီတာမင် A နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေတာကြောင့် ရင်သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတို့ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ မုန်လာဥနီစားသုံပေးမှုက အစာအိမ်ကင်ဆာဖြစ်နိုင်ခြေကို ၂၆ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။


အဆီများတဲ့ ပင်လယ်ငါး


ဆယ်လ်မွန်၊ မက်ကာရယ်တို့လိုမျိုး ပင်လယ်ငါးတွေမှာ ဗီတာမင် B၊ ပိုတက်ဆီယမ်နဲ့ Omega-3 fatty acids တို့ပါဝင်နေပါတယ်။ အဆီများတဲ့ ပင်လယ်ငါးတွေ စားသုံးမှုက အူမကြီးကင်ဆာဖြစ်နိုင်ခြေကို ၅၃ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်သလို ဆီးကျိတ်ကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။


သစ်ကြားသီး


သစ်ကြားသီးမှာ အခြားအခွံမာသီးတွေထက် ကင်ဆာကာကွယ်ပေးနိုင်စွမ်း ပိုများနေပါတယ်။ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးသလို ကင်ဆာကျိတ်တွေကြီးထွားမလာအောင်လည်း အကောင်းဆုံး ဟန့်တားပေးနိုင်ပါတယ်။ ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်ချင်သူတိုင်း စားပေးသင့်ပါတယ်။


ကုလားပဲလုံး


အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတဲ့ ကုလားပဲလုံးက ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝမှုကြောင့် ဝမ်းမှန်စေနိုင်ပြီး အစာခြေစနစ်ကို ကျန်းမာစေတာကြောင့် အူမကြီးကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ရင်သားကင်ဆာမဖြစ်အောင်လည် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။


ကြက်သွန်ဖြူ


ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ ကြက်သွန်ဖြူက ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်သလို ကင်ဆာမဖြစ်အောင်လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာကျိတ်တွေပြန့်မလာစေဖို့နဲ့ ကင်ဆာဆဲလ်တွေ မပြန့်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ်ကင်ဆာ၊ အစာရေမျိုကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ အူမကြီးကင်ဆာကာကွယ်ဖို့အတွက် ကြက်သွန်ဖြူကို စားပေးလို့ရပါတယ်။


ပြောင်းလဲလာတဲ့ လူနေမှုပုံစံကြောင့် အဖြစ်များလာတဲ့ ကင်ဆာအန္တရာယ်ကနေ ကိုယ်တိုင်ကိုရော မိသားစုကိုပါ ကာကွယ်ချင်တယ်ဆိုရင်တော့ ဒီအစားအစာလေးတွေကို သတိထားပြီး နေ့စဉ် စားသောက်မှုမှာ ပါဝင်အောင် စားသုံးစေချင်ပါတယ်။


ရေးသားသူ - Aye Thi Mon


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”