မြိတ် ၂၅ သြဂုတ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် မီးသတ်တပ်ဖွဲ့နှင့်အတူ မိတ်ဖက်အဖွဲ့အစည်းများ စနစ်တကျပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် သြဂုတ်လ(၂၅)ရက် နံနက်(၇)နာရီက ကျွဲကူးကျေးရွာနှင့် ကျောက်ဖျာမြစ်အတွင်း ရေပြင်အသက်ကယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ဇာတ်တိုက်လေ့ကျင့်ရာတွင် သတင်းရရှိသည်နှင့် ယာဉ်အုပ်စုများဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် များနှင့် ပူးပေါင်းအဖွဲ့များဖြင့် အခင်းဖြစ်ပွားရာနေရာသို့ ထွက်ခွာခြင်း၊ လေပြင်းတိုက်ခတ် ဒီရေလှိုင်းများကြောင့် ရေထဲမျှောပါနေသူများအား ရှာဖွေကယ်ဆယ်ရေးယာဉ်ဖြင့် လိုက်လံရှာဖွေ ကယ်ဆယ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ ရေထဲကြိုးရှည် စီတန်းချိတ်ဆက်၍ အသက်ကယ်ကွင်းများဖြင့် ရေထဲတွင် မျောပါနေသူအား ဆယ်ယူခြင်း၊ ဆယ်ယူရရှိသူများအား ရှေးဦးပြုစုခြင်း ဆောင်ရွက်ကြသည်။
ရေပြင်ရှာဖွေကယ်ဆယ် ဆောင်ရွက်နေစဉ်တစ်ပြိုင်နက် ရေပြင်နှင့်နီးသော ကျွဲကူး-ကျောက်ဖျာတံတား အောက်တွင် ရွက်ဖျင်တဲထိုး၍ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ခြင်း၊ ရေထဲဆယ်ယူရရှိသူများအား လူနာတင်ယာဉ် များဖြင့် ကယ်ဆယ်ရေးစခန်းနှင့် ဆေးရုံသို့ပို့ဆောင်ခြင်း၊ ကယ်ဆယ်ရေးစခန်း ရောက်ရှိလာသူများအား ကြက်ခြေ နီတပ်ဖွဲ့ဝင်များနှင့်ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှေးဦးပြုစုခြင်း ဇာတ်တိုက်လေ့ကျင့်ခဲ့ကြရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့် တာဝန်ရှိသူများ၊ ပြည်သူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်း ဦးဆောင်၍ ရှာဖွေကယ်ဆယ် ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့ များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာပြည်သူများက မီးသတ်ယာဉ်(၄)စီး၊ ရှာဖွေကယ်ဆယ်ရေး မော်တော် ယာဉ်(၁)စီးနှင့်ရေယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ လူနာတင်ယာဉ်(၆)စီးတို့ဖြင့် စုပေါင်းဇာတ်တိုက် လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


