နေပြည်တော် ၂၅ ဩဂုတ်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဩဂုတ် ၂၅ ရက်မှ ၃၀ ရက်အထိ ကျင်းပမည့် (၄၀)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ (40th AIPA General Assembly)သို့ တက်ရောက်ရန်လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေးအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်နှင့်အဖွဲ့ သည် ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့မှ ဘန်ကောက်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်နှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါအဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုလွှတ်တော်၊ အာဆီယံပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း၊ နိုင်ငံတကာပါလီမန်များအဖွဲ့ ဆိုင်ရာ ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါသွားကြောင်း သိရသည်။
(သတင်းစဉ်)


