ရန်ကုန် ၂၅ သြဂုတ်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှကြီးမှူး၍ ကမ္ဘောဇဘဏ်နှင့် စင်ကာပူနိုင်ငံအခြေစိုက် ပရဟိတအဖွဲ့ဖြစ်သည့် Smile Asia တို့ပူးပေါင်းပြီး မြန်မာနိုင်ငံတစ်ဝန်းမှ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင်များ အခမဲ့ ခွဲစိတ်ကုသရေး သတ္တမအကြိမ်မြောက် အစီအစဉ်ကို သြဂုတ် ၂၅ ရက်က ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ အမျိုးသားသွေးဌာန၌ ပြုလုပ်ခဲ့သည်။
သတ္တမအကြိမ်မြောက် အခမဲ့ခွဲစိတ်ကုသရေး အစီအစဉ်ကို သြဂုတ် ၂၅ ရက်မှ ၃၁ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး Smile Asia ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်များက ဝေဒနာရှင်ကလေးငယ် ၁၄၀ ကျော်ကို စမ်းသပ်စစ်ဆေးမှု၊ ခွဲစိတ်မှုများ ပြုလုပ်ပေးသွားမည် ဖြစ်သည်။
ဝေဒနာရှင်ကလေးငယ်များသည် ချင်းပြည်နယ် တီးတိန်မြို့၊ ကချင်ပြည်နယ် တတိုင်းမြို့၊ ရခိုင်ပြည်နယ် မင်းပြားမြို့နှင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့ စသည့် ဝေးလံသောဒေသများမှ လာရောက်ကြခြင်း ဖြစ်သည်။
Smile Asia ဆေးဘက်ဆိုင်ရာအဖွဲ့တွင် အမေရိကန်၊ ဟောင်ကောင်၊ ဂျပန်၊ စင်ကာပူ၊ တရုတ်၊ မြန်မာနှင့် ဖိလစ်ပိုင် စသည့်နိုင်ငံများမှ ဆရာဝန်များနှင့် စေတနာ့ဝန်ထမ်း ၃၈ ဦး ပါဝင်သည်။ ကမ္ဘောဇဘဏ် အဖွဲ့သည် လူနာစာရင်းကောက်ယူခြင်းနှင့် ခွဲစိတ်ကုသမှုဆိုင်ရာ စီမံခန့်ခွဲမှုတို့ကို တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။ ကမ္ဘောဇဘဏ်မှ လူနာနှင့်မိသားစုအတွက် အသွားအပြန် ခရီးစရိတ်ပံ့ပိုးခြင်း၊ နေထိုင်စားသောက်ရေး အခမဲ့စီစဉ်ပေးခြင်းအပြင် ရန်ကုန်မြို့အတွင်း သွားရေးလာရေးပါ စီစဉ်ပေးသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးမှ သံအမတ်ကြီး Ms. Vanessa Chan ၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါ်ရီရီမြင့်၊ Smile Mission ၏ Field Director နှင့် Smile Asia မှ အထွေ ထွေကောင်စီအသင်းဝင် Dr. Peter Pangနှင့် ကမ္ဘောဇဘဏ် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်း တို့က အမှာစကားပြောကြားပြီး ကမ္ဘောဇဘဏ်၏ အမှုဆောင်အရာရှိချုပ် Mr. Mike Denoma နှင့် စေတနာ့ဝန်ထမ်းများက လူနာများအား တွေ့ဆုံအားပေးခဲ့သည်။ ဆက်လက်၍ အဋ္ဌမအကြိမ်မြောက် အခမဲ့ ခွဲစိတ်ကုသရေး အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက် မှ ၁၆ ရက်အတွင်း နေပြည်တော် ကုတင် (၁,ဝ၀ဝ) ဆံ့၊ ပြည်သူ့ဆေးရုံကြီးတွင် ပထမဆုံးအကြိမ် ပြုလုပ်မည်ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးမှ တာဝန်ရှိသူများ၊ ကမ္ဘောဇဘဏ်နှင့် Smile Asia ဆေးဘက်ဆိုင်ရာအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
MDN


