ရန်ကုန်  ၂၅  သြဂုတ် 


ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့ရုပ်ရှင်လုပ်ငန်း ဝန်ထမ်းဟောင်းများအသင်း၏ ဒုတိယအကြိမ် နှစ်ပတ်လည်အစည်းအဝေးနှင့် အမှုဆောင်အသစ် ရွေးချယ်တင်မြောက်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်  ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်း ရုပ်ရှင်ပြခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာအခမ်းအနား သဘာပတိဖြစ်သူ မြန်မာ့ရုပ်ရှင်လုပ်ငန်း ဝန်ထမ်းဟောင်းများအသင်းဥက္ကဋ္ဌ မြန်မာ့ရုပ်ရှင်လုပ်ငန်း ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာ မြင့်သိန်းဖေက အဖွင့်အမှာစကား ပြောကြားပြီး အလှူရှင်များကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။


မွန်းလွဲပိုင်းတွင် အသင်း၏ နှစ်ပတ်လည် အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းကို ဖတ်ကြားတင်ပြခြင်း၊ အသင်း၏ နှစ်ပတ်လည် အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းကို အသင်းသားများက အကြံပြုဆွေးနွေးတင်ပြခြင်း၊ အသင်း၏ နှစ်ပတ်လည် အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းနှင့် မြန်မာ့ရုပ်ရှင်လုပ်ငန်း ဝန်ထမ်းဟောင်းများအသင်း အထက်မြန်မာနိုင်ငံ အသင်းခွဲဖွဲ့စည်းရန် ကိစ္စများကိုသဘာပတိကတစ်ဆင့် အတည်ပြုချက် ရယူခြင်း၊ အသင်း၏ အလုပ်အမှုဆောင်များ နှုတ်ထွက်ခြင်းနှင့် အသင်း၏ အမှုဆောင်အသစ်များ ရွေးချယ်တင်မြောက်ခြင်းတို့ကို ဆောင်ရွက်ကြသည်။ 


မြန်မာ့ရုပ်ရှင်လုပ်ငန်း ဝန်ထမ်းဟောင်းများအသင်းကို ၂၀၁၇ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့ပြီး ပထမအကြိမ် နှစ်ပတ်လည် အစည်းအဝေးနှင့် အသင်း၏အမှုဆောင်များ ရွေးချယ်တင်မြောက်ခြင်းကိုပြုလုပ်ခဲ့သည်။ ယခုအခါ အသင်း၏ ဒုတိယသက်တမ်း ကာလအဖြစ်  နှစ်ပတ်လည်အစည်းအဝေးနှင့် အမှုဆောင်အသစ် ရွေးချယ်တင် မြောက်ခြင်းတို့ကို ဆောင်ရွက်ခြင်းဖြစ်သည်။ 


မြန်မာ့ရုပ်ရှင်လုပ်ငန်း ဝန်ထမ်းဟောင်းများအချင်းချင်း စည်းလုံးညီညွတ်ရန်နှင့် တစ်ဦးနှင့်တစ်ဦးရိုင်းပင်းကူညီနိုင်ရန် ၊ အသင်း၏ အားသာချက်၊ အားနည်းချက်နှင့် ရှေ့လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြနိုင်ရန်တို့အတွက် ယနေ့ အခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
 

မြန်မာ့ရုပ်ရှင်လုပ်ငန်းတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူသွားသူများ၊ အကြောင်းအမျိုးမျိုးကြောင့် ဌာနနှင့် ကင်းကွာသွားကြသည့် ဝန်ထမ်းဟောင်းများ၏ သာရေး၊ နာရေး၊ လူမှုရေးကိစ္စရပ်များကို တဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးနိုင်ရန် ၊ ဝန်ထမ်းဟောင်းများ အချင်းချင်း မကြာခဏ ရင်းရင်းနှီးနှီးတွေ့ဆုံကြစေရန်  ရည်ရွယ်၍ အဆိုပါ အသင်းကို ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ကြောင်း သိရသည်။ 


သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး