ရန်ကုန် ၂၅  သြဂုတ်

 

မြန်မာဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်အသင်း၏ (၅) ကြိမ်မြောက်စဉ်ဆက်မပြတ် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲနည်းပညာစာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းတွင် Myanmar Convention Center (ရန်ကုန်) ၌ ကျင်းပသည်။

 


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ဆေးကုသမှုပေးအပ် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရပ်သည် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် အခြားဆေး ပညာဘာသာရပ်များနှင့် တန်းတူအရေးကြီးကြောင်း၊ ဆေးဘက် ဆိုင်ရာဓာတ်ခွဲပညာရှင်များ၏ တိကျမှန်ကန်သော ရောဂါစစ်ဆေးမှုအဖြေရှာမှု မပါဝင်ဘဲ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်၍မရနိုင် ကြောင်း၊ ယခုအခါ ကမ္ဘာတစ်ဝန်းတွင် ဆေးဘက်ဆိုင်ရာဓာတ်ခွဲနည်းပညာရပ်များသည် အလျင်အမြန်ပင်တိုးတက်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း နောက်ကျကျန်ရစ်ခြင်း မရှိစေရန် ကြိုးစားဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲနည်း ပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများကို လည်းပိုမိုဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့် သုတေသနလုပ်ငန်းများ ပိုမိုတိုးတက်ဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍာငွေများ သိသာများပြားစွာ တိုးမြှင့်ပေးအပ်လျက်ရှိပါကြောင်း၊ ထို့အပြင် သုတေသန ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်သင်တန်းများကိုလည်း ပုံမှန်ပြုလုပ်ပေးအပ်လျက်ရှိပါကြောင်း။

 


(၂၀၁၄) ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် မြန်မာဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်အသင်း သည် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှု များစွာရှိပြီး အာဆီယံဓာတ်ခွဲပညာရှင်များ အသင်း (ASEAN association for clinical laboratory sciences) ၏ (၂၀၂၂) ခုနှစ်တွင် ကျင်းပမည့် (၁၈) ကြိမ်မြောက်အစည်းအဝေးကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည် ဖြစ်ကြောင်းသိရှိရသဖြင့် ကောင်းမွန်ပါကြောင်း၊ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်များ အနေဖြင့် ကျင့်ဝတ်သိက္ခာများကို မြဲမြံစွာလိုက်နာကျင့်သုံး၍ လုပ်ငန်းများဆောင်ရွက် သွားရ မည်ဖြစ်ပါကြောင်း။

 


အသင်း၏ ရည်ရွယ်ချက်များတွင် ပါဝင်သည့် ဆေးဘက်ဆိုင်ရာဓာတ်ခွဲပညာရှင်များ အချင်းချင်းစည်းလုံးညီညွတ်ရန်၊ ဓာတ်ခွဲပညာရပ်များနှင့် သုတေသနလုပ်ငန်းများ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်၊ တတ်ကျွမ်းသော ပညာရပ်ဖြင့် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးအပ်ရန်အချက်များသည် ကောင်းမွန်ပြီး အသင်းဝင်များအနေဖြင့် ရည်ရွယ် ချက်များနှင့်အညီ ဆေးဘက်ဆိုင်ရာဓာတ်ခွဲပညာရပ်နှင့် အသင်းကြီး ဘက်စုံတိုးတက် အောင်မြင်စွာ ဆောင်ရွက်နိုင်ကြပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြား သည်။

 


ထို့နောက် မြန်မာနိုင်ငံဆေးကောင်စီ၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာတင်ညွန့်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန) ဒေါက်တာဌေးဌေးတင် နှင့် မြန်မာဆေးဘက်ဆိုင်ရာဓာတ်ခွဲပညာရှင်အသင်း ဥက္ကဋ္ဌ ဦးမောင်မောင် တို့က အမှာ စကားပြောကြားကြသည်။

 


ဆက်လက်၍ ဓာတ်ခွဲပညာရှင်များနှင့်သုတေသနပညာရှင်များက သုတေသနစာတမ်းများ ဖတ်ကြားခြင်း၊ ပညာရပ်ဆိုင်ရာ တင်ပြဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 


(သတင်းစဉ်)