ရန်ကုန် ၂၅ သြဂုတ်
ကျောင်းကျန်းမာရေးရက်သတ္တပတ် အထိမ်းအမှတ် ကျောင်းကျန်းမာရေးအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းဖွင့်ပွဲနှင့် (၂၀၁၈-၂၀၁၉) ပညာသင်နှစ် ကျန်းမာရေးအဆင့်မြှင့် ကျောင်းစံပြ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အလုံမြို့နယ်၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိုင်ငံတော်၏ အနာဂတ်ဖြစ်သော (၉ ဒသမ ၇) သန်းရှိသည့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့်ညီညွတ်သည့် ပြုမူနေထိုင်စားသောက်မှုများကို လိုက်နာကျင့်သုံးကာ ကိုယ်ခန္ဓာကျန်းမာခြင်း၊ ဦးနှောက်ဉာဏ်စွမ်းရည်မြင့်မားခြင်းတို့ရရှိရေးမှာ အထူးအရေးကြီးပါကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်သည် နေထိုင်မှုအလေ့အကျင့်များကို ကျင့်သုံးသည့် ကျောင်းနေအရွယ်လူငယ်များမှတစ်ဆင့် ၎င်းတို့၏ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေများနှင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများထံသို့ပါ အဆိုပါ အလေ့အကျင့်ကောင်းများ ဆင့်ပွားရောက်ရှိနိုင်မည်ဖြစ်သဖြင့် ပြည်သူများ အားလုံးအတွက် အကျိုးများစေမည့် လုပ်ငန်းကြီးဖြစ်ပါကြောင်း။
ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်သောက်သုံးမှုကင်းစင်ပပျောက်ရေး၊ အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့် ဖြစ်ပွားတတ်သောနောက်ဆက်တွဲအန္တရာယ်များ၊ ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုဘဝပုံစံများ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့ကျရေး၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများ ကြွယ်ဝရေးနှင့် ကျောင်းသား ကျောင်းသူများ ဂိမ်းအလွန်အကျွံစွဲလမ်းမှုပပျောက်ရေးတို့အတွက် ဦးတည်ဆောင်ရွက်မည့် လုပ်ငန်းများတွင် တိုင်းဒေသကြီး/ ပြည်နယ်များ၌ လူမှုရေးဝန်ကြီးများက ဦးစီးဦးဆောင်ပြု၍ ပညာရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍ တာဝန်ရှိသူများက ဆက်စပ်နှီးနွှယ်ဌာနများနှင့် ပူးပေါင်းချိတ်ဆက်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
အခြေခံပညာကျောင်းများတွင် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘ-ဆရာအသင်းများ၊ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များမှ လုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်မှုရှိမှသာ လုပ်ငန်းများရေရှည် တည်တံ့ ကာအောင်မြင်နိုင်မည်ဖြစ်ပါကြောင်း။
ကျောင်းမုန့်ဈေးတန်းများတွင် အာဟာရတန်ဖိုးမရှိသည့် စားသောက်ကုန်များ ရောင်းချခြင်းမရှိစေရေး၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အာဟာရပြည့်ဝ ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များသာ ရွေးချယ်စားသောက်နိုင်စေရေးတို့အတွက် ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် မိဘဆရာအသင်းများမှ ဝိုင်းဝန်းဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း။
ကျောင်းကျန်းမာရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ပညာရေးဝန်ကြီးဌာနမှ ဦးဆောင်၍ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နည်းပညာပိုင်းဆိုင်ရာ ရာနှုန်းပြည့်ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအားလုံး ပညာသင်ယူနိုင်ရန်အတွက် အာဟာရဖွံ့ဖြိုးပြီး ကိုယ်ကာယကျန်းမာ၍ ဦးနှောက်ဖွံ့ဖြိုးရန် လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ ဘက်စုံ ကျန်းမာရန်အတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများက အဓိကထောက်ပံ့ကူညီမှုပေးနိုင်ပါကြောင်း၊ အဆင့်ဆင့်ဖွဲ့စည်းထားရှိသော ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ ခရိုင်အဆင့် မြို့နယ် အဆင့်နှင့် ကျောင်းအဆင့် ကျောင်းကျန်းမာရေးကော်မတီများသည် အထိရှိရာ ကျောင်းအုပ်များ၊ ကျောင်းဆရာ၊ ဆရာမများက အဓိကအခန်းကဏ္ဍမှ ဦးဆောင်၍ ကျောင်းသားမိဘများနှင့် ပူးပေါင်း၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
နှစ်စဉ် ဩဂုတ်လ ဒုတိယပတ်ကို ကျောင်းကျန်းမာရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်၍ ကျောင်းကျန်းမာရေးပညာရေးလုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းလုပ်ငန်း၊ ကျောင်း အခြေပြု ရောဂါကာကွယ်ရေးလုပ်ငန်း၊ ကျောင်းတွင်းအဟာရ ဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးရေး၊ ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ကျောင်းကျန်းမာရေး လုပ်ငန်းစဉ် (၅) ရပ်ဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုနှစ်အတွက် ကျောင်း ကျန်းမာရေးရက်သတ္တပတ်မှာ ဩဂုတ်- ၁၂ ရက်မှ ၁၆ ရက်အထိ ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများအနက် smart phone အသုံးပြုမှု အများဆုံး နိုင်ငံတစ်ခုဖြစ်၍ ခေတ်မီနည်းပညာကို အသုံးပြု၍ ကျောင်းကျန်းမာရေး လုပ်ငန်းအပါအဝင် ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်း၊ သင်ကြားသင်ယူမှုဆောင်ရွက်ခြင်းတို့ကို ပိုမိုထိရောက် အကျိုးရှိမြန်ဆန်မည်ဖြစ်ပါကြောင်း ပြောကြားသွားသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးက ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းထံသို့ ကျန်းမာရေးအဆင့်မြှင့်ကျောင်းအသင်း (၆၁)သင်းအတွက် Health Promoting School Team Kit များ လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ ကျောင်းကျန်းမာရေးစံပြဆုရကျောင်းများအား ဆုများချီးမြှင့်ပြီး အ.လ.က(၁)ဒဂုံမှ ကျောင်းသား၊ ကျောင်းသူလေးများက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သရုပ်ပြဖြေဖျော်ခြင်းဖြင့် လည်းကောင်း၊ အ.ထ.က (၂) စမ်းချောင်းမှ ကျောင်းသူလေးများက “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” အားကစားလှုပ်ရှားမှုများဖြင့်လည်းကောင်း သရုပ်ဖော်တင်ဆက်ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


