(မြန်မာ့အလင်း အယ်ဒီတာ့အာဘော်)
မြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခများက လွတ်လပ်ရေး မရသေးချိန်ကတည်းကစခဲ့တာ ဖြစ်သည့်အတွက် နှစ်ပေါင်းခြောက်ဆယ်မက ကြာခဲ့ပြီ။ မတူကွဲပြား စုံလင်များပြားသည့် တိုင်းရင်းသားလူမျိုးစုများဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုဖြစ်သည့်အားလျော်စွာ ပြည်တွင်းပဋိပက္ခများရှိသည်ဆိုခြင်းက သဘာဝပဲဖြစ်သည်ဟု မြင်ပါသည်။
သို့သော်လည်း တိုင်းရင်းသားလူမျိုးစုများအားလုံးသည် မိသားစုတစ်ခုတည်းဖြစ်သည်၊ ညီရင်းအစ်ကို မောင်ရင်းနှမများ ဖြစ်ကြသည်ဟုဆိုနေကြပါလျက် အချင်းချင်းကြား ပဋိပက္ခများကို စစ်ရေးနည်းဖြင့် ဖြေရှင်းကြရင်း စစ်မီးတောက်အရှိန်ကြီးသည်ထက် ကြီးမားလာခဲ့သည်မှာရာစုနှစ်ဝက်မက ကြာခဲ့ပြီဆိုသည်ကမူ သဘာဝကို ကျော်လွန်လာပြီဟုဆိုချင်သည်။
သမိုင်းတစ်လျှောက် ဘုရင်ဧကရာဇ်များ၏မင်းအာဏာစက်အင်အားပြခြင်းများကစကာ ယနေ့ထိတိုင်သော စစ်ပွဲများအထိ အတောမသတ်နိုင်သော အတိုက်အခိုက်များကြားမှာ မြန်မာပြည်သူများ သမိုင်းအဆက် ဆက်နေခဲ့ကြရ၏။ ပဒေသရာဇ်အင်ပါယာချဲ့ထွင်သည့်စစ်၊ နယ်ချဲ့ဆန့်ကျင်ရေးစစ်၊ ဖက်ဆစ်တော်လှန်ရေးစစ်၊ လွတ်မြောက်စစ်၊ နယ်မြေသိမ်းစစ် စသည် စသည်...။ မတိုက်မဖြစ် တိုက်ခဲ့ရသည့် စစ်ပွဲများရှိသကဲ့သို့ တိုက်ချင်လို့ တိုက်ခဲ့ရသည်ဆိုသည့် စစ်ပွဲများကလည်း ရှိနေသည်။
စစ်ပွဲများ၏နောက်ကွယ်တွင် မည်သူတို့ အမြတ်ရကြသနည်း။ နိုင်ငံအတွက် သို့မဟုတ် တိုင်းရင်းသား လူမျိုးစုများအတွက်၊ ပြည်သူတို့အတွက်ဘာတွေအကျိုးရှိခဲ့သည်လဲ၊ ဘယ်မျှလောက် အကျိုးရှိသည်လဲဆိုသည်မှာ သမိုင်းမှတ်တမ်းတင်ရမည့် မေးခွန်းများ ဖြစ်ပါလိမ့်မည်။
ထိခိုက်ရ၊ နစ်နာရ ဖြစ်သူများဆိုသည်မှာ ပြည်သူတို့ ဖြစ်ပါလိမ့်မည်။အထူးသဖြင့်မူ အနာဂတ်ကို ဦးဆောင်ထူထောင်ကြရမည့် ကလေးသူငယ်များ။ ပညာရေးလည်း ပျက်ကွက်၊ ကျန်းမာရေးအတွက်လည်း ဂရုမထားနိုင် ဖြစ်ရချေပြီ။ လှူလောကကြီးက အားကိုးကြရမည့် ကျန်းမာသန်စွမ်းသည့်၊ စိတ်ဓာတ်ကြံ့ခိုင်သည့် အရွယ်ရောက်သူများ ဖြစ်လာကြရေးသည်မည်သို့သော ပတ်ဝန်းကျင်၊ မည်သို့သောပညာရေးစနစ်၊ မည်သို့သောကျန်းမာရေးစောင့်ရှောက်မှုတို့အကြားက ပေါက်ဖွားကြီးပြင်းလာနိုင်မလဲဆိုသည်ကို တွေးတောသင့်လှပြီ။
စစ်ကို မလိုလားသည့် ပြည်သူက အများစုဖြစ်မည်ဟု ဆိုသော်လည်းပြည်တွင်းပဋိပက္ခများကို လျော့ပါးသွားအောင် မလုပ်နိုင်ခဲ့၊ ပြည်တွင်းစစ်ကြီးထွားလာမှုကို မတားဆီးနိုင်ခဲ့။ ဖြတ်သန်းခဲ့ရသော ခေတ်ဟောင်းကာလတစ်ခုလုံးမှာ အင်အားကြီးမားသူတို့ကလည်း အလျှော့မပေး၊ညှိနှိုင်းဆွေးနွေးရေးကို ထက်ထက်သန်သန် မစွမ်းဆောင်နိုင်ခဲ့။ စားပွဲဝိုင်းများပေါ်မှာ စကားပြောကြရေးကို အောင်မြင်သည်အထိ မဆောင်ရွက်နိုင်ခဲ့ကြ။
ငြိမ်းချမ်းရေးသည်သာ အပေါင်းလက္ခဏာဟူသော ပြည်သူ့ရင်တွင်းစကားသံကို ဖော်ထုတ်ကာ ပြည်တွင်းပဋိပက္ခ ပြည်တွင်းစစ်ကို မလိုလားသည့် ဆန္ဒဖော်ထုတ်ပွဲများ ပေါ်ပေါက်ခဲ့သော်လည်း စစ်မီးအရှိန်ကို ရပ်ဆိုင်းအောင် မလုပ်နိုင်ခဲ့။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအပါအဝင် မြန်မာ့နိုင်ငံရေးအပေါ် ဩဇာရှိသူတို့ ကိုယ်တိုင်ခေါင်းဆောင်ခဲ့သည်ပင်လျှင် ငြိမ်းချမ်းရေးအလင်းရောင်ကို မဖော်ဆောင်နိုင်ခဲ့သည်အထိ စစ်အင်အားဖြင့် အာဏာစက်ပြသူတို့က အင်အားကြီးနေခဲ့သည်။
ယနေ့ထက်တိုင်ပင် စစ်မီးလျှံက အရှိန်တညီးညီးတောက်လောင်ဆဲဖြစ်ကာ စစ်ဘေးဒဏ်ခံ ပြည်သူတို့မှာ ဒုက္ခနွံထဲမှာ တဝဲလည်လည်။ကလေးသူငယ်များက စာသင်ခန်းနှင့် ဝေးနေဆဲ။ စစ်ဘေးဒဏ်၏ အကျိုး ရလဒ်ဖြစ်သော အထွေထွေနိမ့်ကျမှုများက အနာဂတ်မြန်မာနိုင်ငံအတွက် စိုးရိမ်ဖွယ်အတိ။စစ်၏ဘေးဒဏ်ကို အခံရဆုံးမှာ ပြည်သူတို့သာ။ ထိုပြည်သူတို့၏စစ်မက်များ လျော့ပါးလာရေးလိုလားမှုက တစ်နေ့တခြား ကြီးမားလာပြီဖြစ်ရာ ပြည်သူ့သဘောထားကို ဦးထိပ်ထားရသည့် ပြည်သူတို့ ရွေးချယ်လိုက်သော ပြည်သူ့ကိုယ်စားလှယ်များက ဦးဆောင်ကာ ငြိမ်းချမ်းရေးပုံဖော်နိုင်မှုအရှိန်အဟုန်ကို အစွမ်းကုန်တိုးမြင့်အောင် စွမ်းဆောင်နိုင်ကြပါစေသတည်း။ ။