ကျိုက်မရော   ၂၆  သြဂုတ် 


ကျိုက်မရောမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် မိုးစပါးများ အစားထိုး ပြန်လည်စိုက်ပျိုးခြင်း အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို သြဂုတ် ၂၅ ရက်က ဘိန်းဗျောကျေးရွာအုပ်စု နတ်စမ်းနည်းပညာပေးစင်တာ အနီးရှိ လယ်မြေ၌ ပြုလုပ်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအောင်ဇော်နိုင်က တောင်သူများအား အားပေးစကား ပြောကြားပြီး ပျက်စီးသွားသည့် လယ်မြေများကို သက်တမ်းတိုမျိုးစပါး ပျိုးထောင်နည်း၊ တိုက်ရိုက်အစေ့ချ စိုက်နည်းများဖြင့် မြေသြဇာ စနစ်တကျ အသုံးပြုနည်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ 


မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးများ အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် Dapong နည်းဖြင့် ပျိုးထောင်ခြင်း၊ SRI နည်းများဖြင့် ပျိုးထောင်ခြင်းနှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန် ပျိုးဗန်းများဖြင့် စုပေါင်းပျိုးထောင်ခြင်းတို့ကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။


ချိုမြတ်မြတ်ထွေး(ကျိုက်မရော)