စစ်ကိုင်း ၂၆ ဩဂုတ် 


စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး  စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ နံနက် ၈ နာရီ ၂၀ မိနစ်က စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်၌ စစ်ကိုင်းမြို့စည်ပင်သာယာရေးကော်မတီနှင့် အမေ့နန်းတော်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သည့် ရွှေမင်းဝံဈေးသစ်ကြီးဖွင့်ပွဲအခမ်းအနားသို့လည်းကောင်း၊ နံနက် ၁၀ နာရီခွဲတွင်  အစိုးရနည်းပညာကောလိပ် (ရွှေဘို) ကျောင်းသူအိပ်ဆောင် (၂၁၁×၇၀) ပေ R.C.C(၄)ထပ် ဆောက်လုပ်ခြင်း ပန္နက်တင် အခမ်းအနားသို့ လည်းကောင်း တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ရွှေမင်းဝံဈေးသစ်ကြီးအား တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသန်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ရွှေမင်းဝံဈေးသစ် ကဗ္မည်းကျောက်စာအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘင်ခရာနှင့်ပန်းပွားအဖွဲ့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။


ယင်းနောက် ရွှေမင်းဝံဈေးသစ်ကြီးဖွင့်ပွဲ ဒုတိယပိုင်း အခမ်းအနားကို အဆိုပါဈေးသစ်ကြီး၏ အပေါ်ထပ်ခန်းမတွင် ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “စစ်ကိုင်းမြို့မှာ ရပ်ကွက်(၂၃) ရပ်ကွက်ရှိပြီးတော့ မြို့ပြနေလူဦးရေ စုစုပေါင်း(၇၉၆၁၄)ဦး၊ ကျေးလက်နေ လူဦးရေ (၁၉၄၄၃၂)ဦး ရှိပါကြောင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မြို့အနီးရှိ ကျေးရွာများသည်လည်း အချိုးညီစွာ ဖွံ့ဖြိုး တိုးတက်လာမှာဖြစ်ပါကြောင်း၊ ရွှေမင်းဝံရပ်ကွက်ဟာဆိုရင် မြို့ရဲ့အဓိက အချက်အချာ ကျတဲ့ရပ်ကွက်တစ်ခုဖြစ်လာခဲ့ပြီး ထပ်မံတိုးချဲ့တည်ထောင်ထားတဲ့ ရပ်ကွက်တွေ စစ်ကိုင်း စက်မှုဇုန်၊ စစ်ကိုင်းဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းနည်းပညာတက္ကသိုလ်၊ ရွာထောင် ဒီဇယ်စက်ရုံ/ဘူတာ စသည့်တို့နှင့် နီးကပ်စွာ တည်ရှိပြီး စကျင်၊ ရေခါး၊ ကျောက်တာကျေးရွာများနှင့်လည်း တစ်စပ်တစ်ဆက်ထဲရှိနေတာဖြစ်ပါကြောင်း၊ စစ်ကိုင်းမြို့သူမြို့သားများအနေဖြင့် မြို့မဈေးကြီးတစ်ခုကိုသာ အဓိကအားထားရပြီး တိုးတက်များပြားလာသည့် လူဦးရေနှင့်အတူရွှေမင်းဝံဈေးကို အဆင့်မြင့်တည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအနေထားအရ မြို့မဈေးနှင့် ရွှေမင်းဝံဈေး စုစုပေါင်းဈေး(၂)ခုရှိလာပြီးဖြစ်ကြောင်း၊ ရွှေမင်းဝံဈေးဟာဆိုရင် ယခင်သစ်သားတိုင်အုတ်ခုံခံ သွပ်မိုးအဖွင့်ရုံ(၁)ထပ်ဈေးတွင် (၃)ရုံသာရှိပြီး ဆိုင်ခန်းအရေအတွက် (၅၆)ခန်းနဲ့ ပျံကျဈေးသည် အရေအတွက် (၄၈)ဦးခန့်မှ အဓိကအားဖြင့် ကုန်စိမ်းနှင့် အသား၊ငါး ရောင်းချပြီး နံနက်(၅)နာရီမှ (၉)နာရီအထိ ရောင်းဝယ်ဖောက်ကားတဲ့ ဈေးဖြစ်ပါကြောင်း၊ ယခုဆိုရင် အာစီ(၂)ထပ်ဈေးဖြစ်ကာ ဆိုင်ခန်းပေါင်း(၁၂၈)ခန်း၊ ပျံကျဆိုင်ခန်း(၉၆)ခန်းဖြင့် တနေကုန်နီးပါး စည်ကားတော့မယ့် ဈေးအနေအထားကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် စစ်ကိုင်းမြို့ ဖွံ့ဖြိုးတိုးတက်လာခြင်းရဲ့ အသီးအပွင့်ကို ယနေ့ ပြည်သူတွေ စားသုံးနေရပြီဖြစ်ပါကြောင်း၊ ရွှေမင်းဝံဈေးသစ်ကြီးဟာ မြို့ပြတစ်ခုရဲ့ အလွှာအသီးသီးမှာရှိတဲ့ ပြည်သူများ၏ အကြီးမားဆုံး၊ အကျယ်ပြန့်ဆုံးလူမှုကွန်ယက်ကြီးတစ်ခုဖြစ်သည့်အပြင် မြို့ပြနဲ့ကျေးလက်ဟာလည်း တသားတည်းဖြစ်လာပါကြောင်း၊ ကျေးလက်မှမြို့ပြ၊ မြို့ပြမှကျေးလက် ကုန်စည်စီးဆင်းမှု မြန်ဆန်လာမှာဖြစ်ပါကြောင်း၊ လူနေမှုအဆင့်အတန်းလည်း မြင့်မားလာမှာ မလွှဲဧကန်ဘဲ ဖြစ်ပါကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ခရီးသွားဖွံ့ဖြိုးရေးဇုန်ကြီး(၆)ခုအနက် စစ်ကိုင်းမြို့ဟာ(၁)ခု အပါအဝင်ဖြစ်တဲ့အတွက် စစ်ကိုင်းမြို့ကို နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ၊ ပြည်တွင်း ခရီးသွားများ လာရောက်ခြင်းနှင့်အတူ ရောင်းအား၊ ဝယ်အား ဒေသဖွံ့ဖြိုးရေး အားကောင်းလာပြီး အနာဂတ်အတွက် ကောင်းမွန်သည့် အလားအလာဖြစ်ကြောင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ရွှေမင်းဝံဈေးသစ်ကြီး သာယာလှပရေး၊သန့်ရှင်းရေး၊ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်ရွှေမင်းဝံဈေးသူဈေးသားများမှလည်းဝိုင်းဝန်းထိန်းသိမ်းသွားကြပါလို့” တိုက်တွန်းအမှာစကားပြောကြား ခဲ့သည်။


ဆက်လက်၍ စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဝင်းနိုင်က ရွှေမင်းဝံရပ်ကွက်ရှိ အဆင့်မြှင့်ဈေးသစ်ကြီးဆောက်လုပ်ရသည့် အစီအစဉ်အား ရှင်းလင်းပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက အမေ့နန်းတော်ကုမ္ပဏီထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့သည်။


ထို့နောက် စစ်ကိုင်းမြို့ ရွှေမင်းဝံဈေးမှ ဈေးသူ/ဈေးသားများကိုယ်စား ဈေးအကျိုးတော်ဆောင် ဥက္ကဌ ဒေါ်ချိုပြုံးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဈေးအတွင်းသို့ လှည့်လည်ကြည်ရှုခဲ့ကြောင်းသိရသည်။


ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာကောလိပ်(ရွှေဘို)တွင် ကျင်းပပြုလုပ်သော ကျောင်းသူအိမ်ဆောင် (၂၁၁×၇၀)ပေ R.C.C (၄)ထပ် ပန္နက်တင် အခမ်းအနားသို့ နံနက် ၁၀ နာရီတွင် ရောက်ရှိပြီး မင်္ဂလာအချိန်၌ ပန္နက်တော်များကို သတ်မှတ်နေရာအသီးသီးတွင် တာဝန်ရှိသူများနှင့်အတူ  စိုက်ထူပေးခဲ့ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး ရွှေမိုးငွေမိုးများ ရွာသွန်းပေးခဲ့ကြသည်။


ထို့နောက် အဆိုပါ အစိုးရနည်းပညာကောလိပ်(ရွှေဘို)ကျောင်း အတွင်းရှိ စာသင်ဆောင်များဆောက်လုပ်နေမှုအခြေအနေနှင့် ကျောင်းသားအိပ်ဆောင် (၄)ထပ်ဆောက်လုပ်နေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကာ ကျောင်းသားကျောင်းသူများ၏ နည်းပညာများနှင့် ပတ်သက်၍ အဆောက်အဦပုံစံငယ် အမျိုးအမျိုး၊ စက်ပစ္စည်းကိရိယာအမျိုးမျိုး၊ လမ်းဖောက်လုပ်မှု ပုံစံငယ်များကို အသီးသီးခင်းကျင်း ပြသထားရှိမှုတို့အား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ 


ထွန်းကိုကို(ယင်းမာပင်)