ပုလဲ ၂၆ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ပိတောက်ကုန်း(တောင်)ကျေးရွာ၊ သာသနာ့ဝေပုလ္လကျောင်းတိုက်၊ ရွှေနှင့်မြဓမ္မာရုံ၌ သြဂုတ် ၂၆ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်က ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC)၏ အစီအစဉ်ဖြင့် စွမ်းအားမြှင့်မီးဖို ၆၀ဝကျော် ပေးအပ်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ဝင်းက ‘‘ကျွန်တော်တို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေး ဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Climate Change Center(CCC)တို့ပူးပေါင်းပြီး စွမ်းအားမြှင့် မီးဖိုဖြန့်ဝေရေး စီမံကိန်းကို ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ စီမံကိန်းကာလ(၆)နှစ် သတ်မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီစီမံကိန်းကို ဆောင်ရွက်ရခြင်းကြောင့် မြန်မာနိုင်ငံ အနေဖြင့် ပထမဦးဆုံးသော Clean Development Mechanisn(CDM) Projectကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း၊ စွမ်းအားမြှင့် မီးဖိုသုံးစွဲခြင်းဖြင့် ရရှိမည့် ကာဗွန်ထုတ်လွှင့်မှုကို လျှော့ချနိုင်သည့် ပမာဏ (Certified Emission Reductions) အချိုးကျကို နိုင်ငံတော်မှ ရရှိခြင်း၊ သဘာဝတောများမှ ထင်း၊ မီးသွေး လောင်စာ ထုတ်ယူသုံးစွဲမှု လျော့ချနိုင်ခြင်းနှင့် ဒေသခံလူထု၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုခြင်း အကျိုးကျေးဇူးများကို ရရှိစေမှာ ဖြစ်ပါတယ် ’’ ဟု ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ဝင်းက ပိတောက်ကုန်း (တောင်) ကျေးရွာနေ အိမ်ထောင်စုများအတွက် စွမ်းအားမြှင့်မီးဖို ၆၆၅ လုံးကို ပေးအပ်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်နှင့် ဒေသခံပြည်သူများက လက်ခံရယူခဲ့သည်။
အဆိုပါ စွမ်းအားမြှင့်မီးဖိုဖြန့်ဝေရေး စီမံကိန်းအရ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၆)ခရိုင်၊ မြို့နယ်(၂၇)မြို့နယ်၊ ကျေးရွာပေါင်း(၁၁၀၉)ရွာ၊ အိမ်ထောင်စုပေါင်း (၂၁၈၈၄၆)စုအား စွမ်းအားမြှင့်မီးဖိုများကို အခမဲ့ဖြန့်ဝေပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပုလဲမြို့နယ်အတွင်း လျှပ်စစ်မီး မရရှိသေးသည့် ထင်းအဓိကထား သုံးစွဲနေရသော ကျေးရွာအုပ်စု (၁၃) စု၊ ကျေးရွာ (၃၅) ရွာ၊ အိမ်ထောင်စု (၇၃၂၆)စုနှင့် လူဦးရေ (၃၄၃၆၁) ဦးအတွက် စွမ်းအားမြှင့်မီးဖို (၇၃၂၆ )လုံးကို အသိပညာပေးဟောပြောပွဲများ ပြုလုပ်ပေး၍ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလကုန်အပြီး အခမဲ့ ဖြန့်ဝေပေးမည် ဖြစ်ကြောင်း မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်ပြန်/ဆက်


