ရန်ကုန် ၂၆ သြဂုတ်
ရန်ကုန်တက္ကသိုလ်၏ (၉၉)နှစ်ပြည့် ရာပြည့်အကြို အထိမ်းအမှတ်အဖြစ် ဒဿနိကဗေဒဌာနမှ ကြီးမှူးကျင်းပသော အသုံးချ ဒဿနအမြင်ပြပွဲနှင့် ဒဿနစကားဝိုင်းကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ် Recreation Center ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
"ဒဿနပညာဆိုတာ တစ်နေရာထဲမှာ ထိုင်တွေးပြီး လောကအတွက် ဝေးနေတယ်၊ လက်တွေ့မကျဘူးလို့ ထင်ကြတယ်၊ တစ်ကယ်တော့ လက်တွေ့ဘဝ ဝန်းကျင်နယ်ပယ် အသီးသီးမှာ အသုံးချလို့ ရပါတယ်၊ ဒါတွေကို ပေါ်လွင်အောင် ဒဿနိကနဲ့ ပတ်သက်တဲ့ အခုလို ပြပွဲတွေမှာ မြန်မာနိုင်ငံက ထင်ရှားကျော်ကြားတဲ့ အတွေးအခေါ်ပညာရှင်တွေ ဖိတ်ခေါ်ပြီး ဒဿနနဲ့ ပတ်သက်တဲ့ စကားဝိုင်း ဆွေးနွေးပွဲတွေကို ကျင်းပတာပါ၊ ဟောပြောပွဲတွေလည်း ကျင်းပနေပါတယ်၊ ဒီလိုနဲ့ အများနားလည် သဘောပေါက်လာအောင် ကျယ်ကျယ်ပြန့်ပြန့်နဲ့ တန်ဖိုးထားတတ်လာအောင် ဆောင်ရွက်နေပါတယ်၊ နိုင်ငံရဲ့အခြေအနေ တစ်ခုအရ အတွေးအခေါ် ဘာသာရပ်ကို အသုံးချရမယ့် ပညာရပ်တစ်ခုအဖြစ် မေ့လျော့နေခဲ့ကြတယ်၊ ဒါတွေကို ပြန်လည်ပြီး အသက်ဝင်လာအောင် ကြိုးစားနေတာပါ" ဟု ပြပွဲကျင်းပရေးကော်မတီ ဥက္ကဌ ဒေါက်တာဝေယံလင်း က ပြောသည်။
အဆိုပါ အသုံးချ ဒဿနိကဗေဒပြပွဲတွင် ဒဿနိက သင်တန်းသားများ၊ ဒဿနိက BA တက်ရောက်နေသော ကျောင်းသားများ၊ ဆရာ ဆရာမများ၊ ဒဿနိကနှင့် ကျောင်းပြီးသွားသော အနုပညာရှင်များ၏ ဒဿနိက အတွေးအခေါ် ဆိုင်ရာ ပန်းချီ၊ ပန်းပုများ၊ ဓာတ်ပုံ၊ ကာတွန်း၊ တပ်ဆင်ခြင်းအနုပညာ၊ ကဗျာ၊ ဘွဎ်ဆိုင်းသစ်ပင်များ၏ အလှတရား၊ ပညာပေးရုပ်ပြ၊ ဂျပန်ရိုးရာ ဆာမူရိုင်း သရုပ်ဖော်ရသ၊ ဒဿနနှင့် ပတ်သက်သော အတွေးအခေါ်နှင့် စာစုများ၊ ကမ္ဘာကျော် ဒဿန ပညာရှင်ကြီးများ၏ အဆိုအမိန်များနှင့် ၎င်းတို့၏ ပုံရိပ်များကို ပြသထားရာ လာရောက်လေ့လာသူများဖြင့် စည်ကားများပြားခဲ့ ကြောင်း သိရသည်။
ပြပွဲကြီးနှင့်အတူ ဒဿန စကားဝိုင်းကိုကျင်းပရာ ဆရာချစ်ဦးညို၊ မင်းကိုနိုင်၊ ပါမောက္ခဒေါက်တာဆန်းထွန်း၊ မောင်မောင်ဇေယျ၊ ကိုကျော်မင်းဆွေ တို့က လှပသော နိုင်ငံတော်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ ဒေါက်တာ ဟန်ထူးလွင်၊ အင်းမောင်(ဒဿန)၊ ပါမောက္ခ ဒေါက်တာမောင်ဆောင်း၊ ဒါရိုက်တာ ဏကြီးတို့က လူငယ်သစ်ရှာပုံတော် ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြသည်။
စကားဝိုင်းဆွေးနွေးပွဲတွင် နိုင်ငံတစ်ခု တည်ဆောက်ရာတွင် ဖလော်ဆော်ဖီ၏ အရေးပါမှု၊ လူငယ်များအကြား ဖလော် ဆော်ဖီ၏ အထောက်အကူပြုမှုနှင့် အရေးပါမှုများကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသုံးချ ဒဿနအမြင်ပြပွဲနှင့် စကားဝိုင်းဆွေးနွေးမှုများကို သြဂုတ် ၂၆ ရက်မှ သြဂုတ် ၂၇ ရက်အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)


