၂၆ သြဂုတ်
ညဘက်ဆိုရင် ခေါင်းအုံးပေါ် ခေါင်းတင်လိုက်တာတောင် တော်ရုံနဲ့ အိပ်မပျော်သွားတတ်ဘူးလား၊ ဘာအကြောင်းမှ ခေါင်းထဲမှာ တွေးနေတာမျိုးမရှိဘဲနဲ့တောင် စိတ်ကိုငြိမ်အောင်ထားလို့မရဘူးလား၊ အိပ်ဆေးသောက်ရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို တွေးပူနေလား။ ဒီလိုမျိုး အိပ်မပျော်တဲ့ညတွေ များလာပြီဆိုရင် အနှေးနဲ့အမြန် ကျန်းမာရေးထိခိုက်လာမှာကို သတိထားသင့်တယ်နော်။ ဒါကြောင့် ခုဆောင်းပါးမှာ ညဘက်တွေ အိပ်ပျော်ဖို့ ခဲယဉ်းတဲ့သူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။
ဒီနည်းလမ်းကတော့ သီချင်းစာသားမပါဘဲ စိတ်ကိုလုံးဝအေးချမ်းသွားစေပြီး အာရုံတွေကို လွင့်ပြယ်သွားစေလောက်မယ့် တီးလုံးတွေကို နားဆင်တဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။
ဘာကြောင့် ဒီလိုသီချင်းတွေကို နားဆင်သင့်တာလဲ။
တေးဂီတဆိုတာ ကျွန်တော်တို့ လူ့စိတ်အာရုံကို ရသမျိုးစုံ ပြောင်းလဲပေးနိုင်တဲ့ အစွမ်းအာနိသင်ပါဝင်ပါတယ်။ ကိုယ်နားထောင်လိုက်တဲ့ သီချင်းပေါ်မူတည်ပြီး အကောင်းအတိုင်းဖြစ်နေတဲ့စိတ်က ဝမ်းနည်းသွားတာမျိုး၊ တွေဝေသွားတာမျိုး၊ စိတ်ဓာတ်ကျနေတဲ့အချိန်ဆိုလည်း စိတ်အားပြန်တက်လာတာမျိုး၊ အဲ့လိုမျိုး စိတ်ခံစားချက်အပြောင်းအလဲများစွာကို လျင်မြန်စွာ ဖြစ်စေတဲ့ ပဲ့ကိုင်ရှင်ဆိုလည်း မမှားပါဘူး။
ခုပြောပြတဲ့ တီးလုံးတွေဟာ သဘာဝ လေတိုက်သံ၊ ရေစီးသံ၊ ရေစက်တဖျောက်ဖျောက် ကျတဲ့အသံ၊ လေတိုးတိုးလေး ချွန်လိုက်တဲ့အသံ၊ စန္ဒရားသံ၊ ပုလွေသံ အစရှိသဖြင့် တီးလုံးချည်းသက်သက်ကို ထည့်သွင်းထားတာဖြစ်ပြီး နားထောင်တဲ့သူအတွက်လည်း စိတ်ဝိညာဉ်ကို ပျံ့လွင့်စေကာ ညစ်နေတဲ့စိတ်တွေ၊ စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး ကြွက်သားညောင်းညာကိုက်ခဲတာကိုလည်း သက်သာစေနိုင်ပါတယ်။ အဓိကကတော့ ဦးနှောက်အာရုံကြောစနစ်ကို တေးဂီတက သက်ရောက်မှုဖြစ်စေပြီး နားထောင်နေတဲ့လူကို လျင်မြန်စွာ အိပ်ပျော်နိုင်စေဖို့ ကူညီပေးပါတယ်။
အနည်းဆုံးတော့ ညတိုင်းအိပ်ဆေးသောက်ပြီး အိပ်နေရတဲ့အခါ ကြုံလာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ၊ အိပ်ရေးပျက်တာများလေ ကိုယ်ခံအားနည်းလေ၊ ရောဂါတွေ ပိုဖြစ်လေ စတဲ့အဖြစ်တွေနဲ့ ဝေးသွားနိုင်သလို အန္တရာယ်အကင်းဆုံးနဲ့ ကိုယ့်စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး ကောင်းစွာ အိပ်စက်အနားယူနိုင်စေဖို့ ထိရောက်စွာ ကူညီပေးနိုင်တဲ့နည်းလမ်းဆိုလည်း မမှားပါဘူး
ဘာတွေ ပြင်ဆင်ဖို့လိုအပ်လဲ။
၁။ အရင်ဆုံး ကိုယ်အိပ်နေတဲ့အိပ်ခန်းသည် မှောင်နေပြီး အသံလုံကာ တိတ်ဆိတ်နေဖို့ လိုပါတယ်။
၂။ မအိပ်ခင် ၂ နာရီလောက်အလိုမှာ အစားကို နောက်ဆုံးစားထားပါ။ အိပ်ချိန်နဲ့ ဝေးဝေးမှာ စားလေ ပိုကောင်းလေပါပဲ။
၃။ ရေကိုလည်း အများကြီးမသောက်ပါနဲ့။ အာစွတ်ရုံလောက်ပဲ သောက်ပေးပါ။
၄။ မအိပ်ခင်မှာ စာအုပ်ဖတ်တာလောက်ပဲ လုပ်ပါ။ ရုပ်ရှင်မကြည့်ပါနဲ့။ ဖုန်းမသုံးပါနဲ့။ အလုပ်တွေကိုလည်း ခေတ္တခဏနားထားပါ။
၅။ အိပ်တော့မယ့်အချိန်မှာ မီးတွေအားလုံးပိတ်ပြီး အခန်းကို အေးမြနေအောင် အဲကွန်းဖွင့်ထားပေးပါ။
၆။ တေးဂီတကို စတင်ဖွင့်ပြီး မျက်လုံးကို မှိတ်ထားလိုက်ပါ။ နားကျပ်နဲ့ အသံတိုးတိုးဖွင့်ပြီး နားထောင်လို့လည်း အဆင်ပြေသလို ခပ်ဝေးဝေးမှာ စပီကာနဲ့ အသံကျယ်ကျယ်ဖွင့်ထားလို့လည်း ရပါတယ်။
၇။ အစပိုင်းမှာ တေးဂီတသံအပေါ်မှာ အာရုံစူးစိုက်ပြီး သူ့ရဲ့ တီးချက်တွေအတိုင်း စိတ်ကိုလွှတ်ချထားလိုက်ပါ။
၈။ သီချင်းသံနဲ့ အသားကျသွားတဲ့အခါမှာ စိတ်ကလက်ရှိဖြစ်နေတဲ့အခြေအနေပေါ် သိပ်ပြီးအာရုံစူးစိုက်မိတော့မှာ မဟုတ်ဘဲ အတွေးတွေက သူ့ဘာသာပျံ့လွင့်သွားပါလိမ့်မယ်။
၉။ စိတ်ကတည်ငြိမ်ပြီး အေးချမ်းနေတဲ့အခါ နှလုံးခုန်သံရော အသက်ရှူသံပါ နှေးသွားမယ်။
၁၀။ ကိုယ်ခန္ဓာမှာရှိတဲ့ ကြွက်သားတွေက သူ့အလိုလိုပြေလျော့သွားပြီး အိပ်ချင်စိတ် ဖြစ်ပေါ်လာပါလိမ့်မယ်။
ဒီလိုတေးသီချင်းတွေကို Youtube မှာ အလွယ်တကူရှာပြီးဒေါင်းလို့ရတာမို့ ညဘက်အိပ်မပျော်တဲ့သူတွေအနေနဲ့ ဒီနည်းလမ်းကို စမ်းလုပ်ကြည့်ဖို့ အကြံပေးလိုက်တယ်နော်။
ရေးသားသူ - Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”