နေပြည်တော် ၂၆ သြဂုတ်
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ ကတိကဝတ်များအား လိုက်နာထိန်းသိမ်းဆောင်ရွက်ရန် အမြဲတမ်းသစ်တောနယ်မြေများအဖြစ် တိုးချဲ့ဖွဲ့စည်းသတ်မှတ်ပေးနိုင်ရေး ဆောင်ရွက်သည့်နည်းတူ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၃၀-က၊ ပုဒ်မခွဲ (ခ)နှင့် (ဂ)ပါ ပြဌာန်းချက်ဖြစ်သည့် ဒေသခံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာအရ သတ်မှတ်မြေများ၊ အများပြည်သူနှင့် တိုင်းရင်းသားများဆိုင်ရာ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့အတွက် လက်ရှိအသုံးပြုထားသည့်မြေများကို အမြဲတမ်းသစ်တောနယ်မြေအဖြစ် ဖွဲ့စည်းသတ်မှတ်ပေးနိုင်ရေး လျာထားသတ်မှတ်ရာတွင် ပါဝင်မှုမရှိရေးကို သတိပြုဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ၂၀၁၈ ခုနှစ် ယာယီစာရင်းအရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧက (၄၇)သန်းကျော်ရှိကြောင်း၊ စီးပွားဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဓာတ်သတ္တုထုတ်လုပ်ခြင်း၊ ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိရောက်မှန်ကန်စွာ အသုံးချစီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စီမံခန့်ခွဲရေးဗဟိုကော်မတီ အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်မည့်အကြောင်းအရာ တစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြရာ ဗဟိုကော်မတီ ဥက္ကဋ္ဌနှင့် ဗဟိုကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေးဆုံးဖြတ်ကြသည်။
အစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့် လျှောက်ထားလာသည့် လုပ်ငန်းစာတွဲများ၊ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၁၇/၂၀၁၉)၊ (၁၈/၂၀၁၉)၊ (၁၉/၂၀၁၉)နှင့် (၂၀/၂၀၁၉)တို့၏ အစည်းအဝေးဆုံးဖြတ်ချက်များအရ ပြန်လည်စိစစ်ရန် အကြောင်းကြားထားခြင်းအပေါ် ပြန်လည်တင်ပြလာမှုများ၊ တိုင်းဒေသ ကြီး၊ ပြည်နယ် စီမံခန့်ခွဲရေးကော်မတီများ ပြင်ဆင်ဖွဲ့စည်းပေးရန် တင်ပြလာမှုများ၊ စည်ကမ်းချက်သတ်မှတ်ကာလ (၄)နှစ်ပြည့်မြောက်ပြီးချိန်အထိ မြေပြင်အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှုမရှိသော လုပ်ကိုင်ခွင့်ချထားမြေများကို ခွင့်ပြုမိန့် ပြန်လည်ရုပ်သိမ်းနိုင်ရေး၊ လုပ်ကိုင်ခွင့်ချထားမြေများအား ခွင့်ပြုမိန့်ပြန်လည်ရုပ်သိမ်းပြီးဖြစ်၍ ပေးသွင်းထားသည့် အာမခံကြေးငွေများကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းနိုင်ရေးနှင့် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ထားသော မြေဧရိယာအပေါ် ခွင့်ပြုအမိန့်စာအသစ် ထုတ်ပေးနိုင်ရေး၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူမှ မြေခွန်ကို သတ်မှတ်ကာလအတွင်း အချိန်မီပေးသွင်းနိုင်ရေးတို့ကို ဆွေးနွေးကြသည်။
ယနေ့ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စီမံခန့်ခွဲရေးဥပဒေအရ စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ပိုင်ခွင့်များကို ပြန်လည်သိမ်းဆည်းရန် ဆုံးဖြတ်ကြပြီး ယနေ့အထိ သတ်မှတ်ဥပဒေစည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် ပြန်လည်သိမ်းဆည်းမြေဧရိယာမှာ စုစုပေါင်းဧက ၁၅ သိန်းကျော် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


