နေပြည်တော်  ၂၆   ဩဂုတ် 


၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၁၉) ကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်ထောင်စုလွှတ်တော်ဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့ ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ ကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဦးစီးကော်မတီဝင်များ တက်ရောက်ကြသည်။


အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက က သက်ဆိုင်ရာ လုပ်ငန်းကော်မတီများအလိုက် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးပြီး လိုအပ်သည်များ ဆုံးဖြတ်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ လုံခြုံရေးလုပ်ငန်းအစီအမံများ ဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်များကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။


ယင်းနောက် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌက လုံခြုံရေးစီမံချက်ကို အခြေအနေ အချိန်အခါအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုကြောင်းပြောကြားသည်။


ထို့နောက် လုပ်ငန်းကော်မတီများအလိုက် ဥက္ကဋ္ဌများနှင့်အတွင်းရေးမှူးများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ကြသည်။


ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက က နိဂုံးချုပ်ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ 


(သတင်းစဉ်)

 

DSC_7