ရန်ကုန် ၂၆ ဩဂုတ်
ကျောင်းကုန်းဆိပ်ကြီး အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးမြှင့်ခြင်းနှင့် သန့်စင်မေတ္တာအဖွဲ့မှလှူဒါန်းသည့် ရေအိမ်နှင့်စင်္ကြံန်လျှောက်လမ်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ကျောင်းကုန်းဆိပ်ကြီး အခြေခံပညာအထက်တန်းကျောင်း ၌ ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာ ရွှေလွှမ်း၊ ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ၊ ကျောင်းကုန်းဆိပ်ကြီးအခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆန်းမော်တို့က ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်း ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် သန့်စင်မေတ္တာအဖွဲ့ဥက္ကဋ္ဌ ဦးနေအုပ်တို့က ရေအိမ်နှင့်စြင်္ကန် လျှောက်လမ်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အခြေခံပညာအထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုရန်အတွက် ပညာရေးဝန်ကြီးဌာန၏ သတ်မှတ်မူဖြစ်သည့် အခြေခံပညာအထက်တန်း Grade-10 နှင့် Grade-11 တက်ရောက်သည့် ကျောင်းသားဦးရေ(၂၀ဝ) ပြည့်ရမည် ဖြစ်ပါကြောင်း၊ အနီးဆုံး အခြေခံပညာအထက်တန်းကျောင်းနှင့် (၁၀)မိုင်ကွာဝေးရ မည်ဖြစ်ပါကြောင်း၊ ယခုအဆင့် တိုးမြှင့်သည့် ကျောင်းသည် ကျောင်းသား ကျောင်းသူ (၂၆၈)ဦးရှိပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသည့်အတွက် ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ် ခွင့်ရရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ ကျောင်းကုန်းဆိပ်ကြီးတွင် နေထိုင်သူအိမ်ခြေ(၁၀၁၄)အိမ် ကျောင်းသားကျောင်းသူ(၁၃၂၈)ဦးရှိ၍ ရပ်ရွာအနေဖြင့် ပညာရေးကို အားပေးပြီး ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်စေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိကာ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများအနေဖြင့် ဒေသခံပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်သည်ကို တွေ့ရှိရသည့်အတွက် အားရဝမ်းသာဖြစ်မိပါကြောင်း၊ အလှူရှင်များအနေဖြင့် ကျောင်းသားကျောင်းသူ ကလေးငယ်များ ကျန်းမာစွာ ပညာသင်ယူခွင့် ရရှိစေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကျောင်း၏ အနေအထားအရ လိုအပ်နေသည့် သန့်စင်ခန်းများနှင့် စင်္ကြံန်လျှောက်လမ်းကို လှူဒါန်းဆောက်လုပ်ပေးသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် သန့်စင်မေတ္တာအဖွဲ့ ဥက္ကဋ္ဌ ဦးနေအုပ်က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းကုန်းဆိပ်ကြီး အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆန်းမော်က ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆန်းမော်က ကျောင်းအဆင့်တိုးမြှင့်ခြင်း အထိမ်းအမှတ်အလံများ ပေးအပ်သည်။
ထို့နောက် အေးမေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူးက သန့်စင်မေတ္တာအဖွဲ့ဥက္ကဋ္ဌ အား ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ပြီး သန့်စင်မေတ္တာအဖွဲ့မှ ဒေါက်တာ ရွှေလွှမ်းက အလှူရှင်များကို ကျေးဇူးတင်လွှာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


