ရန်ကုန် ၂၆ သြဂုတ်
မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးတွဲကျင်းပသည့် ထွန်းသစ်စအာရှနိုင်ငံများတွင် အရည်အချင်း ပြည့်မီသော ငွေချေးသက်သေခံလက်မှတ်ဈေးကွက်များ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင် ဒေါ်တင်မေဦးက အဖွင့်အမှာစကားပြောကြားပြီး အာရှဖွံ့ဖြိုးရေးဘဏ်မှ Financial Sector Specialist ဖြစ်သူ Mr. Kosintr Puongsophol က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့က အိမ်ရှင်အနေနဲ့ လက်ခံကျင်းပတာပါ။ အာရှမှာရှိတဲ့ စတော့အိတ်ချိန်းနဲ့ Regulator အတော်များများ လာတက်ကြတယ်ဆိုတော့ ကိုယ့်နိုင်ငံဈေးကွက်ကိုလည်း သူတို့မြင်သွားတယ်။ လာတက်တဲ့သူတွေရဲ့ အတွေ့အကြုံတွေကိုလည်း ကျွန်တော်တို့ရတယ်။ ရင်းရင်းနှီးနှီးနဲ့တွေ့ဆုံရတဲ့ ပွဲလည်းဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံအတွက် အများကြီးအကျိုးရှိပါတယ်” ဟု ရန်ကုန်စတော့အိတ်ချိန်း အမှုဆောင် အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲတွင် အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရေးပါသည့်အစုရှယ်ယာများ အများပြည်သူသို့ ကနဦး ကမ်းလှမ်းရောင်းချခြင်းနှင့် စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာ များ ရောင်းဝယ်ခြင်းတို့နှင့် စပ်လျဉ်း၍ နိုင်ငံတကာတွင် ကျင့်သုံးနေသည့် အလေ့အထကောင်းများ ငွေချေးသက်သေခံလက်မှတ်ဈေးကွက်အပေါ် ရင်းနှီးမြှုပ်နှံသူများ စိတ်ပါဝင်စားလာစေရန်နှင့် ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးနိုင်ရန် ဒေသတွင်းနိုင်ငံများတွင် ဆောင်ရွက်လျက်ရှိသည့် ကြီးကြပ်စစ်ဆေးခြင်းဆိုင် ရာ နည်းစနစ်များ၊ အရင်းအနှီးဈေးကွက်တည်တံ့ခိုင်မြဲမှုအားကောင်းလာစေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် ဖွင့်ဟထုတ်ဖော်မှုနှင့် စောင့်ကြည့်စစ်ဆေးမှုဆိုင်ရာ နည်းစနစ်များ၊ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများအတွက် ဈေးကွက်ပေါ်အခြေခံသည့် ဘဏ္ဍာငွေဖြည့်ဆည်းပေးခြင်းဆိုင်ရာ နည်းလမ်းသစ်များ ကို လေးရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အာရှဖွံ့ဖြိုးရေးဘဏ်နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဘာသာ ရပ်ဆိုင်ရာ ကျွမ်းကျင်သူများက လက်တွေ့ဖြစ်ရပ်များကို ဖြစ်ရပ်လေ့လာမှုများနှင့်တစ်ကွ စာတွေ့လက်တွေ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါထွန်းသစ်စ အာရှနိုင်ငံများတွင် အရည်အချင်းပြည့်မှီသော ငွေချေးသက်သေခံလက်မှတ်ဈေးကွက် များ၊ ဆွေးနွေးပွဲများ၊ စဉ်ဆက်မပြတ် ကျင်းပရန်အတွက် ၁၉၉၈ ခုနှစ် မေလတွင် ကျင်းပပြုလုပ်ခဲ့သည့် အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီးများ၏ အတည်ပြုချက်ခြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇွန်လအထိ ဆွေးနွေးပွဲ ၁၅၂ ပွဲ ကျင်းပခဲ့ရာ ငွေ ရေးကြေးရေးဈေးကွက်စည်းကမ်းထိန်းကျောင်းသူနှင့် ကြီးကြပ်စစ်ဆေးသူ ၆၄၄၅ ဦးတို့အား လေ့ကျင့်ပေးခဲ့ ပြီးဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ တိုးတက်ရေးဗဟိုဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် စသည့်ငွေရေးကြေးရေးဈေးကွက် စည်းမျဉ်းစည်းကမ်းထိန်းကျောင်းသူများ၊ ကြီးကြပ်စစ်ဆေးသူများနှင့် တာဝန်ရှိသူများ၊ အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာရှ ဖွံ့ဖြိုးရေးဘဏ်နှင့် ဖိတ်ကြားထားသည့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဆွေးနွေးပို့ချမည့်ပုဂ္ဂိုလ်များ တက် ရောက်ခဲ့ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း


