ကြာအင်းဆိပ်ကြီး ၂၇ သြဂုတ်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သြဂုတ်လ ပထမအပတ်မှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်/ချောင်းများရေလျှံကာ မိုးစပါးလယ်ယာမြေများအပေါ် ရေများဖုံးလွှမ်းပြီး ရေကြီးနစ်မြုပ်မှုဖြစ်ပွားကာ မိုးစပါးစိုက်ဧကပေါင်း ၄၇၉၁ ဧက ပျက်စီးခဲ့ရသည်။
အဆိုပါ ပျက်စီးမိုးစပါးများ အချန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော မျိုးစပါးများကို တောင်သူများအား ထောက်ပံ့ပေးအပ်ခြင်းနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နွားစာများနှင့် တိရစ္ဆာန် ဆေးဝါးများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က တံခွန်တိုင်ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာ သနင့်ပထောက်ခန်းမတွင် ပြုလုပ်ကျင်းပသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောထူးကပေါ်က တောင်သူများအား အားပေးစကား ပြောကြားပြီး မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဝေယံကျော်က ထိခိုက်ပျက်ဆီးမိုးစပါးများအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မျိုးစပါးများ ထောက်ပံ့ပေးနိုင်ရေးအတွက်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးဝေလင်းညွန့်က မိုးစပါးများအား ခေတ်သစ်ပျိုးထောင်နည်း၊ အစေ့ချစိုက်ပျိုးနည်း၊ ရွက်ဖျန်း မြေသြဇာများ စနစ်တကျ ထည့်သွင်းနိုင်စေရေး၊ ကျရောက်တတ်သော ရောဂါပိုးမွှားများအား ကြိုတင်ကာကွယ်နှိမ်နှင်းရေး နည်းလမ်း ကောင်းများကိုလည်းကောင်း လယ်ယာမြေစီမံခန့်မှုနှင့် စာရင်းအင်းဦးစီးဌာနဦးစီးမှူး ဦးဝင်းစိုးက ထိခိုက်ပျက်စီး လယ်ဧကများအား မှန်ကန်စွာ စာရင်းကောက်ယူနိုင်မှု အခြေအနေများကို လည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှ ဒေါက်တာစိုးလွင်က နွားစာများနှင့် တိရစ္ဆာန်ဆေးဝါးများ ထောက်ပံ့ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုအခြေ အနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက်လွှတ်တော်ကိုယ်စားလှယ်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာအုပ်စုကျေးရွာများမှ မိုးစပါးရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးတောင်သူများအား မျိုးစပါးများထောက်ပံ့ပေးအပ်ပြီး တိရစ္ဆာန်မွေးမြူထားသောကျေးလက်ပြည်သူများအား နွားစာများနှင့်ဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး ပြန်/ဆက်


