သရက် ၂၇ သြဂုတ်  


မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့နယ် တလပါးကျေးရွာအုပ်စု၊ တလပါးကျေးရွာတွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) ICB-3 တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးရရှ ရေးကို သြဂုတ်လ ၂၆ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မဟာဓာတ်အားလိုင်း ရောက်ရှိသည့်နေရာမှ ၁၀ မိုင်နှင့်အထက် ဝေးကွာသော ကျေးရွာများကို မဟာဓာတ်အားလိုင်ပြင် အမျိုးသား လျှပ်စစ ဓာတ်အား ရရှိရေးစီမံကိန်း (NEP Off-Grid) ဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တလပါးကျေးရွာတွင်  အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP) ICB-3 ဖြင့် ကျေးရွာရှိ အိမ်ခြေ (၁၉၀) အနက် (၁၂၃) အိမ်ကို တစ်အိမ်သုံး ၆၀ ဝပ်ဆိုလာ (၁၈) လုံး၊ ၁၀ဝ ဝပ် ဆိုလာ (၁၀၅) လုံးနှင့် အများပြည်သူပိုင်နေရာများဖြစ်သော လမ်းမီးတိုင် (၁၃)တိုင်၊ အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်း၊ ကျန်းမာရေး ဆေးပေးခန်းတစ်ခု၊ ဘာသာရေးအဆောက်အဦတစ်ခုတို့တွင် မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုများကို သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းနှင့် ဝန်ထမ်းများက ကျေးရွာမီးလင်းရေး ကော်မတီဝင်များနှင့်အတူ တလပါးကျေးရွာ၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP) ICB-3 တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ဆိုလာပြားနှင့် အင်ဗာတာများ တပ်ဆင်ပြီး မီးရရှိရေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ ရေရှည်တည်တံ့ခိုင်မြဲရေး သတ်မှတ်ထားသည့် ညွှန်ကြားချက်များနှင့်အညီ အသုံးပြုကြရေး ဆွေးနွေးမှာကြားပါသည်။


သရက်မြို့နယ်အတွင်း အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP) ICB-3 ဖြင့် တလပါးကျေးရွာအပါအဝင်  ကျေးရွာပေါင်း (၂၂) ရွာရှိ အိမ်ခြေ (၁၄၀၃) အိမ်ကို တစ်အိမ်သုံး ၆၀ ဝပ်ဆိုလာ (၆၈၁) လုံး၊ ၁၀ဝ ဝပ် ဆိုလာ (၇၂၂) လုံးနှင့်  အများပြည်သူပိုင် နေရာများဖြစ်သော လမ်းမီးတိုင် (၁၈၄) တိုင်၊ အခြေခံပညာမူလတန်းကျောင်း (၁၃) ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း ငါးကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်း၊ ကျန်းမာရေး ဆေးပေးခန်းခြောက်ခု၊ ဘာသာရေးအဆောက်အဦ (၂၀) တို့တွင် မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းထံမှ သိရသည်။


သန်းလွင်(မကွေး)