ဝါရှင်တန် ၂၇ ဩဂုတ်
တရုတ်နိုင်ငံက ဝါရှင်တန်မြို့တော်ရှိ အမေရိကန်တာဝန်ရှိသူများထံ နှစ်နိုင်ငံကုန်သွယ်ရေး ဆွေးနွေးမှုများ ပြန်လည်စတင်ရန် ဆက်သွယ်ခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားသည်။
ယနေ့ ပြင်သစ်နိုင်ငံတွင် ကျင်းပသည့် ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲ၏ ပြင်ပအစည်းအဝေး၌ အီဂျစ်သမ္မတ အဒယ်ဖာတာအယ်လ်စီစီနှင့် အစည်းအဝေးမပြုလုပ်မီ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတင်းထောက်များသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ "ပြီးခဲ့တဲ့ညက ကျွန်တော် တို့ ကုန်သွယ်ရေးတာဝန်ရှိသူတွေထံ တရုတ်နိုင်ငံက ဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ ဆက်သွယ်ခဲ့ပါတယ်"ဟု ဒေါ်နယ်ထရန့်က ပြောကြားသည်။ အမေရိကန်နှင့် တရုတ်နိုင်ငံတို့မှာ ကုန်သွယ်ရေးစစ်ပွဲတွင် ပါဝင်ပတ်သက်နေသည်။ အောက်တိုဘာ ၁ ရက်မှစတင်၍ တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂၅၀ ဘီလီယံတန်ဖိုးရှိ ကုန်စည်များအပေါ် လက်ရှိ ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံရန် ပြီးခဲ့သည့် ဩဂုတ် ၂၃ ရက်တွင် ဒေါ်နယ်ထရန့်က ကြေညာခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန် - ကျော်ထိုက်စိုး