လှိုင်းဘွဲ ၂၇ ဩဂုတ်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော မြန်မာနိုင်ငံ အတက်ရောဂါစီမံချက် မြို့နယ်အဆင့် လုပ်ငန်းတင်ခြင်းအထိမ်းအမှတ် အခမ်းအနား ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာဝင်းဇော်ဦးက အမှာစကား ပြောကြားရာတွင် အတက်ရောဂါသည် ကုသ၍ရသော ဦးနှောက်နှင့် အာရုံကြောရောဂါဖြစ်ကာ အရွယ်မရွေး ဖြစ်ပွားနိုင်သော်လည်း ကလေးဘဝနှင့် သက်ကြီးပိုင်းတွင် အဖြစ်များ၍ အတက်ရောဂါ ရှိသူများအတွက် စနစ်တကျ ဆေးကုသမှုခံယူခြင်းဖြင့် ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အတက်ရောဂါ ခံစားနေရသူများအတွက် ရှောင်ရန်/ဆောင်ရန်နှင့် ပတ်သက်သော အချက်အလက်များ၊ ရောဂါလက္ခဏာများကို အခမ်းအနားတက်ရောက်လာသူများ နားလည်သဘောပေါက် လွယ်ကူစေရန် မြို့နယ်ကျန်းမာရေးမှူးက ပရိုဂျက်တာ (Projector)ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သိန်းသန်း(ပြန်/ဆက်)


