လေရှီး ၂၇ သြဂုတ်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်၌ သင်ရိုးညွှန်းတမ်းနှင့်အညီ သင်ကြားပြုစုပေးရန်၊ မူလတန်းကျောင်းသို့ မဝင်ရောက်မီ အသက်သုံးနှစ်မှ ငါးနှစ်အတွင်း ကလေးသူငယ်များကို ကြိုတင်ပြုစု ပျိုးထောင်ပေးရန်၊ အရည်အချင်း၊ အရည်အသွေးပြည့်ဝသည့် မူကြိုဆရာများဖြစ်စေရန်စသည့် ရည်ရွယ်ချက် များဖြင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခပေး) ECCD သင်တန်း ဆင်းပွဲကို ယမန်နေ့ နံနက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် သင်တန်းဆင်းပွဲပြုလုပ်သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် လေရှီးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဦးလှဆိုင်းက သင်တန်းဆင်း အမှာစကားပြောကြားသည်။
ထို့နောက် တန်ကွန်နာဂ၊ မကူရီနာဂ၊ ကိုကာ့နာဂနှင့်ရှမ်းတိုင်းရင်းသူတို့က တိုင်းရင်းသားရိုးရာ အကပဒေသာများဖြင့် ဖျော်ဖြေကပြတင်ဆက်ခဲ့ကြသည်။
အဆိုပါသင်တန်းကို သြဂုတ်လ(၅)ရက်နေ့မှ သြဂုတ်လ(၂၅)ရက်နေ့ထိ လေရှီးမြို့နယ်အတွင်းမှ သင်တန်းသူ (၅၇) ဦးတက်ရောက်ခဲ့ကာ လူမှုဝန်ထမ်းဦးစီးဌာန လေရှီးမြို့နယ်ဦးစီးမှူး၊ စစ်ကိုင်းတိုင်းဒေသကြီး ရုံးမှဒေါ်မာမာမြင့် လူမှု(၄)နှင့် တာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့ ကြောင်း သိရသည်။
စနေမောင်(ခန္တီး)


