သထုံ ၂၇ သြဂုတ်
၂၀၁၉ ခုနှစ် မိုးရာသီတွင် မြေ၊ မျိုး၊ ပိုးဆိုင်ရာ နည်းပညာများနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာပေးသင်တန်းဖွင့်ပွဲကို သြဂုတ် ၂၇ ရက် နံနက် ၉ နာရီက သထုံမြို့ရှိ စိုက်ပျိုးရေးအသက်မွေးသင်တန်းကျောင်း(သထုံ)တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သထုံခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်သန်းရီက အဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေးဌာနအနေဖြင့် သီးနှံအထွက်နှုန်း တိုးတက်ရေးသာမက တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများတွင် နည်းပညာများ အသုံးပြုနိုင်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ဝန်ဆောင်မှုပေးရာတွင် ဌာနဝန်ထမ်းများမှ စွမ်းဆောင်ရည် ပိုမိုပြည့်ဝစေရေးအတွက် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် သင်တန်းများ ဖွင့်လှစ်ပေးပြီး ဝန်ထမ်းများမှ အခါအားလျော်စွာ လေ့လာဆည်းပူးနိုင်ရေး၊ အတွေ့အကြုံများအား လက်ဆင့်ကမ်းမျှဝေပေးခြင်း၊ အမြင်ချင်းဖလှယ်ကာ ဆွေးနွေးပေးခြင်းအားဖြင့် တောင်သူများအား နည်းပညာဝန်ဆောင်မှု ပေးရာတွင် ပိုမိုထိရောက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို သထုံခရိုင်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း ၅၀ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၂ ရက်ကြာမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ယခုအခါတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် မိုးဆက်တိုက်ရွာသွန်းနေသဖြင့် မိမိလယ်ယာတောင်ယာများတွင် စိုက်ပျိုးထားသော အသီးအနှံများ၏ စိုက်ခင်းများနှင့်ပျိုးခင်းများတွင် ရောဂါပိုးမွှားများနှင့်အခြားရောဂါများ ကျရောက်လာပါက နီးစပ်ရာ ပြည်နယ်/တိုင်းဒေသကြီး အသီးသီးရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးများသို့ ဆက်သွယ်ကာ အကြံဉာဏ်များ တောင်းယူနိုင်ကြောင်း သိရသည်။
သထုံခရိုင်(ပြန်/ဆက်)


