ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

သွားတိုက်တာက လူတစ်ယောက်ရဲ့ နေ့စဉ်တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် မဖြစ်မနေလုပ်ဆောင်နေရတဲ့ အရာတစ်ခုပေါ့။ တစ်နေ့တာလုံး စိတ်လက်ပေါ့ပါးစွာနဲ့ ပြောဆိုနိုင်ဖို့က ခံတွင်းသန့်ရှင်းရေးကို ချန်ထားလို့မဖြစ်ဘူးလေနော်။ သွားနဲ့ခံတွင်း သန့်ရှင်းကျန်းမာနေစေဖို့အတွက် မဖြစ်မနေလိုက်နာရမယ့် အချက်တွေရှိနေပါတယ်။ ဒီအချက်တွေကတော့ ကိုယ့်သွားအနေအထားနဲ့ ကိုက်ညီမယ့် သွားပွတ်တံကိုရွေးချယ်ဖို့နဲ့ သွားပွတ်တံကို သေချာထိန်းသိမ်းဖို့ပါ။

ဒီနေရာမှာ ပြောပြချင်တာတစ်ခုက သွားပွတ်တံကို လုံးဝဖွာစုတ်သွားတာမျိုး မဖြစ်မချင်း ကျိုးသွားတာမျိုးမဖြစ်မချင်း အသုံးမပြုသင့်ဘူးဆိုတာပါ။ သွားပွတ်တံကို အကြာဆုံးအနေနဲ့ဆိုရင်တောင် ၄ လတစ်ကြိမ်ပဲသုံးသင့်ပါတယ်။ ဖြစ်နိုင်ရင် ၃ လပြည့်တိုင်း မမေ့မလျော့ သွားပွတ်တံလဲပေးပါ။ သွားပွတ်တံမကောင်းတဲ့အခါ သွားတိုက်ပေမယ့် ကောင်းဖို့ဆိုတာထက် သွားနဲ့ခံတွင်းမှာ ထိခိုက်မှုတွေပိုဖြစ်လာနိုင်ပါတယ်။ နောက်တစ်ချက်က သွားပွတ်တံကို အသုံးပြုနေစဉ်ကာလအတွင်း သေချာထိန်းသိမ်းဖို့လိုမယ်ဆိုတဲ့အချက်ပါ။

သွားပွတ်တံကို ဒီနည်းတွေအတိုင်း ထိန်းသိမ်းပေးပါ

နေ့စဉ် တကိုယ်ရည်သန့်ရှင်းမှုအတွက် အရေးပါတဲ့  သွားပွတ်တံကို သေသေချာချာထိန်းသိမ်းဖို့ လိုအပ်မှာပါ။ သွားပွတ်တံကို သေချာထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေးတွေ ပြောပြပေးမှာဆိုတော့ ခံတွင်းနဲ့သွားကျန်းမာစေဖို့  လိုက်လုပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

သွားတိုက်ပြီးတိုင်း သွားပွတ်တံကို သန့်စင်ဆေးကြောပေးပါ – သွားတိုက်တဲ့အခါ သွားပွတ်တံက ခံတွင်းနေရာအနှံ့ကို ထိတွေ့ထားရတာဖြစ်တာကြောင့် သွားပွတ်တံမှာ ရောဂါပိုးမွှားတွေ ကပ်ပါလာနိုင်ပါတယ်။ ဒါတွေတင်မဟုတ်ပါဘူး။ သွားပွတ်တံမှာ အစားအစအနလေးတွေ၊ ဘက်တီးရီးယားနဲ့ အခြားသောအရာတွေလည်း ကပ်ညှိနေနိုင်တာကြောင့် သွားတိုက်ပြီးတဲ့အခါတိုင်း သွားပွတ်တံကို သေချာသန့်စင်ဆေးကြောပေးပါ။

သွားပွတ်တံကို ခြောက်သွေ့အောင်ထားပေးပါ – သွားတိုက်ပြီးတဲ့အခါတိုင်း သွားပွတ်တံကို သေချာခြောက်သွေ့အောင် ထားပေးပါ။ သွားပွတ်တံမှာ အစိုဓာတ်ရှိနေမယ်ဆိုရင် ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့အတွက် အရမ်းကို သင့်တော်တဲ့အနေအထား ဖြစ်သွားနိုင်တာကြောင့် သွားပွတ်တံကို သွားတိုက်ပြီးတိုင်း ခြောက်သွေ့အောင်ထားပေးပါ။ သွားပွတ်တံကို လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ထားပေးတာကလည်း ထိရောက်မယ့်နည်းတစ်ခုပါ။

သွားပွတ်တံကို တစ်ယောက်တည်းသုံးပါ – သွားပွတ်တံက တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် အရေးပါတဲ့အရာတစ်ခုပါ။ လူတိုင်းအတွက်အရေးပါတာကြောင့် လူတိုင်းမှာ ကိုယ်ပိုင်သွားပွတ်တံ တစ်ချောင်းစီတော့ရှိဖို့ လိုအပ်မှာပါ။ သွားပွတ်တံက ဘက်တီးရီးယားတွေ ကပ်ညှိနိုင်တဲ့အရာတစ်ခုဖြစ်တာကြောင့် သွားပွတ်တံကို အခြားသူတွေနဲ့ မျှဝေသုံးစွဲတာမျိုး လုံးဝမလုပ်ပါနဲ့။

သွားပွတ်တံကို မကိုင်ခင် လက်အရင်ဆေးကြောပေးပါ – တစ်နေ့တာမှာ လက်ကကိုင်တွယ်ထိတွေ့ထားတဲ့ အရာတွေ အများကြီးပါ။ လက်မှာ မျက်စိနဲ့မမြင်ရတဲ့ ဘက်တီးရီးယားတွေ အများကြီးကပ်ညှိနေနိုင်ပါတယ်။ ဒါကြောင့် သွားတိုက်ခါနီး သွားပွတ်တံကို မကိုင်ခင် အရင်ဆုံး လက်ကို စင်ကြယ်နေအောင်ဆေးကြောပါ။ ဒါမှာ သွားပွတ်တံမှာ ဘက်တီးရီးယားတွေ ကပ်ညှိမနေမှာပါ။

ခရီးသွားတဲ့အခါ သွားပွတ်တံကို တစ်ခုခုနဲ့ ဖုံးကာသွားပေးပါ – အပေါ်မှာပြောခဲ့သလိုပဲ သွားပွတ်တံကို ခြောက်သွေ့အောင်ထားပေးဖို့ လိုအပ်တာကြောင့် ခရီးသွားတဲ့အခါ သွားပွတ်တံမှာ စိုစွတ်နေတာ၊ ပြင်ပကဖုန်မှုန့်တွေနဲ့ မမြင်ရတဲ့ ဘက်တီးရီးယားတွေ ကပ်ညှိနေတာမျိုးမဖြစ်စေဖို့ သွားပွတ်တံကို သေချာသိမ်းဆည်းယူဆောင်သွားပေးပါ။ ခရီးဆောင်အိတ်ထဲမှာ ပစ္စည်းတွေအားလုံးနဲ့ရောပြီး ထည့်သွားတာမျိုး မလုပ်ပါနဲ့။

သွားပွတ်တံက အနားတွေဖွာ နေရင် လဲပေးပါ –  သွားပွတ်တံက အနားတွေဖွာနေပြီဆိုရင် ချက်ချင်းအသစ်လဲပေးပါ။ ဒီအခြေအနေက ဆက်အသုံးပြုဖို့ မသင့်တော်တော့ဘူးလို့ ဖော်ပြနေတာပါ။ သွားနဲ့ခံတွင်းကို သန့်စင်အောင်လုပ်ပေးနိုင်စွမ်း မရှိတော့တဲ့အပြင် သွားနဲ့ သွားဖုံးတွေကို ထိခိုက်စေနိုင်ပါတယ်။

Brush လေးတွေ ကျွတ်ထွက်နေရင် အသစ်လဲပေးပါ – ဒါကတော့ မဖြစ်မနေကိုလဲသင့်ပါတယ်။ သွားတိုက်ရင်း ကျွတ်ထွက်သွားတဲ့ သွားပွတ်တံက အမျှင်တွေကို မတော်တဆ မျိုချမိတာမျိုးဖြစ်နိုင်သလို သွားကို ထိထိရောက်ရောက် သန့်စင်ပေးနိုင်စွမ်းလည်း မရှိတော့တာကြောင့်ပါ။

ဖျားနေစဉ်က အသုံးပြုတဲ့ သွားပွတ်တံကို ဆက်မသုံးပါနဲ့ – သင့်အနေနဲ့ နေကောင်းခါစဖြစ်လာပြီဆိုရင် နေမကောင်းဖြစ်ခဲ့စဉ်က သွားပွတ်တံကို ဆက်မသုံးဘဲ အသစ်လဲလိုက်ပါလို့ ပြောပါရစေ။ တုပ်ကွေးဖြစ်ထားတာမျိုး ဖြစ်မယ်ဆိုရင် တုပ်ကွေးဖြစ်စေတဲ့ ရောဂါပိုးတွေ သွားပွတ်တံမှာ ကပ်ကျန်နေနိုင်တာကြောင့် ပြန်ဖျားတာမျိုးဖြစ်နိုင်တဲ့အတွက် နေပြန်ကောင်းလာတဲ့အခါတိုင်း သွားပွတ်တ့ အသစ်လဲပေးပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”