မန္တလေး ၂၇ သြဂုတ်


ပြင်ဦးလွင်မြို့တွင် မငြိမ်မသက်ဖြစ်နေသည်ဆိုသည့် ကောလာဟလတွေကြောင့်  လာရောက်လည်ပတ်သူ နည်းပါးနေကြောင်း သိရသည်။ ယခုလို ကောလာဟလများကြောင့်  ပြင်ဦးလွင်မြို့၏ ပကတိအခြေနေမှာ လုံခြုံအေးချမ်းမှုရှိနေကြောင်း၊  ပြည်တွင်းပြည်ပ ဧည့်သည်များ စိုးရိမ်ထိတ်လန့်မှု မရှိစေရန် ယနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ 


"ကောလာဟလတွေထွက်တဲ့အခါ ပြင်ဦးလွင်ကို စစ်တလင်းလောက်အောက်မေ့ပြီး ဧည့်သည်တွေ မလာကြဘူး။ တကယ်ဖြစ်တာ အခိုက်အတန့်လေးပါ။ အခုဆို အဝေးဧည့်သည်တွေ မလာသလောက်ဖြစ်နေပြီ'' ဟု စိမ်းလန်းပြင်ဦးလွင်အဖွဲ့၏ အတွင်းရေးမှူး ဦးကိုကြီးက ပြောသည်။ 


ကောလာဟလများကြောင့် ပြင်ဦးလွင်ရှိ ဟိုတယ်များတွင် ကြိုတင်ဘွတ်ကင်များ ပြန်လည်ဖျက်သိမ်းခံရမှုများ ရှိလာပြီး ခရီးသွားမှာ ၁၀ ရာခိုင်နှုန်းခန့်သာရှိတော့ကြောင်း ပြင်ဦးလွင်ရှိ ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။ 


"မိုးရာသီမို့ ခရီးသွားနည်းပေမယ့် ဒီလိုကောလာဟလတွေကြောင့် ပုံမှန် ၂၅ ရာခိုင်နှုန်း လောက်လာရင် အခု ၁၀ ရာခိုင်နှုန်း လောက်ပဲလာတယ်''ဟု ပြင်ဦးလွင် ဟိုတယ်ဇုန် အတွင်းရေးမှူး ဦးဝေဠုက ပြောသည်။ 


ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်ကဖြစ်ပွားခဲ့သည့် ပြင်ဦးလွင်နဲ့ နောင်ချိုတိုက်ခိုက်ခံရမှု နောက်ဆက်တွဲအဖြစ် ဒေသတွင်းမှာ ခဏတာ နယ်မြေမတည်ငြိမ်မှုဖြစ်ခဲ့ပေမယ့်လည်း မြို့ရဲ့လက်ရှိအခြေအနေဟာ ပြီးခဲ့တဲ့ရက်တွေကတည်းက တည်ငြိမ်အေးချမ်းနေပြီဖြစ်ကြောင်း သိရသည်။ 


အိမို့မို့ခိုင်