ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
အချို့သော အရေပြားပြဿနာတွေက အရေပြားပေါ်မှာတင် ပြီးမသွားပါဘူး။ ခန္ဓာကိုယ်တွင်းအစိတ်အပိုင်းတွေကို တစ်နည်းနည်းနဲ့ ထိခိုက်စေနိုင်ပါတယ်။ ဒီလိုထိခိုက်စေတဲ့အထဲမှာ အရေပြားရောဂါတစ်မျိုးဖြစ်တဲ့ ဝဲကလည်း အပါအဝင်ပါ။ ဒီဆောင်းပါးလေးထဲမှာ အရေပြားရောဂါတစ်မျိုးဖြစ်တဲ့ ဝဲက ကျန်းမာရေးကို ဘယ်လိထိခိုက်စေနိုင်လဲဆိုတာကို ပြောပြပေးပါရစေနော်။
ဝဲဆိုတာ……
ဝဲဆိုတာက Sarcoptes scabiei လို့ခေါ်တဲ့ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ အကောင်လေးတွေကြောင့် ဖြစ်ရတာပါ။ အရေပြားမှာယားယံစေနိုင်ပြီး လူတစ်ယောက်ကနေ တစ်ယောက်ကို အလွယ်တကူကူးစက်နိုင်ပါတယ်။ အတူတူထိုင်မိရုံ၊ ထိတွေ့မိရုံနဲ့တင် ကူးစက်နိုင်တဲ့ ရောဂါတစ်ခုပေါ့။ ကလေးလေးတွေဆိုရင် အတူဆော့တဲ့သူငယ်ချင်းတွေ၊ တစ်တန်းတည်းအတူတူထိုင်ရတဲ့ သူငယ်ချင်းတွေဆီကနေ အလွယ်တကူကူးစက်နိုင်ပါတယ်။ အဝတ်အစားတွေ အတူတူဝတ်ဆင်တာကနေလည်း ဝဲကအလွယ်တကူ ကူးစက်နိုင်ပါတယ်။
နေအိမ်တစ်အိမ်မှာ မိသားစုဝင်တစ်ဦးကို ဝဲကူးစက်ခံလိုက်ရပြီဆိုတာနဲ့ ကျန်မိသားစုဝင်တွေကို အလွယ်တကူ ကူးစက်နိုင်တာကြောင့် ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ဖို့လိုပါမယ်။ ဝဲဖြစ်စေတဲ့ အကောင်လေးတွေက လူတစ်ယောက်ဆီကနေ တစ်ယောက်ဆီကို အရမ်းမြန်မြန်ဆန်ဆန်နဲ့ကို ကူးစက်နိုင်တာပါ။ အများသုံးပို့ဆောင်ရေး စနစ်တွေကနေတစ်ဆင့်လည်း ဝဲကူးစက်ခံရနိုင်ပါတယ်။
ဝဲကူးစက်ခံရတဲ့အခါ
ခန္ဓာကိုယ်မှာ ဝဲကူးစက်ခံရတဲ့အခါ အရေပြားပေါ်မှာ
- နီရဲနေတာ ဒါမှမဟုတ် ပုံမှန်အသားအရောင်နဲ့ မတူတာမျိုးဖြစ်နေတာ
- အရေပြားပေါ်က နီမြန်းတဲ့နေရာတစ်ခုနဲ့တစ်ခုကြားမှာ အနီရောင် အတန်းလေးမျိုးဖြစ်နေတာ
- အဖုသေးသေးလေးတွေဖြစ်နေတာ
- အရေပြားမှာ အဖုလေးတွေဖြစ်နေတာ
- ပြည်လိုအဖြူရောင်အဖုလေးတွေ ဖြစ်နေတာမျိုး တွေ့ရနိုင်ပါတယ်။
ဝဲကူးခံလိုက်ရပြီဆိုရင် ဘာတွေဖြစ်လာနိုင်လဲ……….
ဝဲဖြစ်စေတဲ့အကောင်လေးတွေက ခန္ဓာကိုယ်ပေါ်ကိုရောက်လာပြီဆိုရင် အရင်ဆုံးဥတွေကို ဥချလိုက်ပါတယ်။ ဥတွေဥချပြီး သိပ်မကြာခင်မှာ သေဆုံးသွားပေမယ့် မျိုးဆက်သစ်အကောင်လေးတွက ပေါက်ဖွားလာပြီး အရွယ်ရောက်ဖို့ ၂ ပတ်လောက် အချိန်ယူကြပါတယ်။ ပြီးရင်တော့ သူတို့ရဲ့ သက်တမ်း ၆ ပတ်လောက်အတွင်းမှာ အရေပြားကို ကောင်းကောင်းဒုက္ခပေးတော့တာပါပဲ။ ဝဲဖြစ်တဲ့အခါ စတင်ခံစားရမှာက အရေပြားက တစ်ချိန်လုံးယားယံနေတာပါ။ ဒီလိုယားယံမှုကြောင့် နေ့ရောညပါအရေပြားကို ကုတ်ဖဲ့ရင်းက အရေပြားမှာ သွေးထွက်တာအပါအဝင် မလိုလားအပ်တဲ့ အရေပြားပြဿနာတွေ ခံစားလာရနိုင်ပါတယ်။
ဝဲဖြစ်စေတဲ့အကောင်လေးတွေက ခြေချောင်းလက်ချောင်းကြားတွေ၊ လက်ဖဝါး၊ ခြေဖဝါး၊ လက်ကောက်ဝတ်၊ ချိုင်းကြား၊ ချက်တစ်ဝိုက်နဲ့ ရင်သားအောက်တွေမှာ ပိုပျော်ကြတာကြောင့် ဝဲတွေက ဒီနေရာတွေမှာ အဖြစ်များကြပါတယ်။
ဝဲက သူ့အလိုလိုပျောက်သွားတတ်လား……
ဝဲတွေက သူ့အလိုလို ပျောက်မသွားတတ်ပါဘူး။ လုံလောက်တဲ့ ကုသမှုခံယူဖို့လိုအပ်တဲ့ အရေပြားပြဿနာတစ်ခုပေါ့။ တကယ်လို့ ဝဲကို မကုသဘဲထားမယ်ဆိုရင် လက်တွေနဲ့ကုတ်ဖဲ့ရင်းက နှင်းခူလိုမျိုး ပြင်းထန်တဲ့ နောက်ဆက်တွဲအရေပြားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဝဲဖြစ်လာရင် သေချာလေးကုသသင့်ပါတယ်။
ဝဲဖြစ်လာရင် သေချာကုသပါလို့ပြောရတဲ့ အကြောင်းအရင်း
ဝဲဖြစ်တာက အရေပြားပေါ်တင်ဖြစ်လို့ သူ့ဘာသာပျောက်သွားမှာပဲဆိုပြီး ခပ်ပေါ့ပေါ့လေး မထားလိုက်သင့်ပါဘူး။ အကြောင်းကတော့ ဝဲကိုသေချာမကုသဘဲထားရင် ထိခိုက်လာနိုင်တာက အရေပြားတစ်ခုတည်း မဟုတ်တာကြောင့်ပါ။ ဝဲကြောင့် အရေပြားမှာ ပြင်းထန်တဲ့ ပြဿနာတွေဖြစ်လာနိုင်သလို ခန္ဓာကိုယ်ကို ထိခိုက်မှုအနေနဲ့ ကျောက်ကပ်ထိခိုက်တာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။
ဝဲကို အချိန်ကြာမြင့်စွာ မကုသဘဲထားလိုက်တဲ့အခါ postinfectious glomerulonephritis (PIGN) လို့ခေါ်တဲ့ ဝဲဖြစ်စေတဲ့အကောင်လေးတွေကြောင့် ကျောင်ကပ်ထဲက သွေးကြောလေးတွေ ရောင်ရမ်းပြီး ကျောက်ကပ်ထိခိုက်ပျက်စီးတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဆီးသွားရင် သွေးပါတာ၊ ဆီးက အညိုရောင်ရင့်ရင့်ဖြစ်နေတာ၊ ဆီးသွားနည်းလာတာ၊ သွေးတိုးတာ၊ လက်တွေခြေတွေ၊ မျက်နှာတွေရောင်တာ၊ အဖျားတက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။
ဝဲရောဂါဖြစ်စေတဲ့ အကောင်လေးတွေက သွေးကြောတွေထဲကနေ ပြန့်နှံ့နိုင်ပါတယ်။ ဒီလိုကူးဆက်မှုက အခန့်မသင့်တဲ့အခါ ကိုယ်တွင်း အင်္ဂါတွေကို ထိခိုက်ပျက်စီးစေနိုင်သလို ကိုယ်တွင်းအင်္ဂါတွေ ကောင်းကောင်းမလုပ်ဆောင်နိုင်မှုကြောင့် အဆိုးရွားဆုံးသော အကျိုးရလဒ်ကတော့ လူကို သေစေနိုင်တာပါ။ ဒါကြောင့် ဝဲဖြစ်လာပြီဆိုရင် ခပ်ပေါ့ပေါ့မနေဘဲ သေချာကုသမှုခံယူဖို့ တိုက်တွန်းပါရစေနော်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”