ပူတာအို ၂၇ သြဂုတ်
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် နမ့်ကျိုပရဟိတဖောင်ဒေးရှင်းက ကြီးမှူးကျင်းပသော လူမျိုး၊ ဘာသာမရွေး ပါဝင်သော တိုင်းရင်းသားအချင်းချင်း တွေ့ဆုံဆွေးနွေးနှီးနှောခြင်းဖြင့် စည်းလုံးညီညွတ်မှု တည်ဆောက်ခြင်း မွမ်းမံသင်တန်းကို သြဂုတ် ၂၇ ရက် နံနက် ၉ နာရီတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဖွင့်လှစ်ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းယုမော်က အဖွင့်အမှာစကားပြောကြားပြီး နမ့်ကျိုပရဟိတဖောင်ဒေးရှင်း၊ စီမံကိန်းတာဝန်ခံ ဦးစောနွဲ့ထွန်းနိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ယခုဆွေးနွေးပို့ချသော အကြောင်းအရာများကို လက်တွေ့အသုံးချ၍ မိမိတို့ကျေးရွာနှင့် လူမှုအသိုင်းအဝိုင်း ငြိမ်းချမ်းရေးအတွက် ထိရောက်စွာ ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးနိုင်မည်ဖြစ်ကြောင်း၊ လူမျိုး၊ ဘာသာ၊ ဓလေ့ထုံးတမ်းမတူညီသော၊ အတွေးအမြင်၊ ဗဟုသုတများကို သင်တန်းသားများ ကျွမ်းကျင်စွာ အသုံးပြုမျှဝေသွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသတွင် လူမျိုးဘာသာမရွေး ပူးပေါင်းပါဝင်သော ငြိမ်းချမ်းသည့် လူမှုအသိုင်းအဝိုင်းတစ်ရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်ပို့ချခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းတွင် ရင်းနှီးမှုတည်ဆောက်ခြင်း၊ ရည်ရွယ်ချက်/ ရည်မှန်းချက်များ မျှဝေခြင်း၊ ဆန်းစစ်ခြင်းနှင့် ဘက်မလိုက်သော စိတ်ဓာတ်တည်ဆောက်ခြင်းနှင့် ပံ့ပိုးကူညီခြင်း၊ ပံ့ပိုးကူညီသူအဖြစ် မိမိကိုယ်ကို သေချာစေခြင်း စသော ဘာသာရပ်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
သင်တန်းကို ပူတာအိုမြို့နယ်၊ မချမ်းဘော့မြို့နယ် ရပ်ကွက်ကျေးရွာများမှ ကိုယ်စားလှယ်များ၊ CSO အဖွဲ့အစည်းများ၊ စိတ်ပါဝင်စားစွာ လာရောက်လေ့လာသူများ (၃၃)ဦး တက်ရောက်ဆွေးနွေးကြပြီး သင်တန်းကာလမှာ သြဂုတ် ၂၇ ရက်မှ ၃၀ ရက်ထိ စာတွေ့လက်တွေ့ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဆန်းညွှန့်(ပူတာအို)


