ကျိုက်မရော ၂၇ သြဂုတ်
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်အတွင်းရှိ ရေကြီးနစ်မြုပ်မှုဒဏ် အများဆုံးခံရသော လမုခိုကျေးရွာအုပ်စုရှိ ရေဘေးသင့်အိမ်ထောင်စုများသို့ ဆိုလာမီးအိမ် အလုံး(၅၀ဝ) လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက လမုခိုကျေးရွာ ဘုန်းကြီးကျောင်း၌ ပြုလုပ်သည်။
အဆိုပါ လမုခိုကျေးရွာရှိ အိမ်ထောင်စု ၅၀ဝ အတွက် ဆိုလာမီးအိမ် အလုံး ၅၀ဝ ကို ဓမ္မယာန- မဇ္ဓိုမယာန ကိုးရီးယား-မြန်မာ လူငယ်ဖွံ့ဖြိုးရေးပရဟိတအဖွဲ့မှ တန်ဖိုးငွေကျပ် သိန်း ၅၀ တန်ဖိုးရှိ ဆိုလာမီးအိမ်များအား ဘိုဘိုဝင်း Rescue (EMR) အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် စမ်းချောင်းမြို့ ရဲသူရိန် အရန်မီးသတ်ဖွဲ့တို့မှတစ်ဆင့် လမုခိုကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ သွားရောက်ပို့ဆောင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါလမုခိုကျေးရွာသည် ဖာသိမ်ကျေးရွာ မုရင်းကုန်းကျေးရွာများမှတစ်ဆင့် ခက်ခဲစွာ သွားရောက်ရသဖြင့် လျှပ်စစ်မီးမရရှိနိုင်သော ကျေးရွာဖြစ်ပြီး ရေဘေးသင့်ကျေးရွာများထဲတွင် အဆိုးဝါးဆုံး ရေနစ်မြုပ်ရွာဖြစ်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)


