ပွင့်ဖြူ ၂၇ သြဂုတ်


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကျေးရွာများတွင် အိမ်တိုင်ရာရောက် ရေရရှိရေးစနစ်ကို အကောင်အထည်ဖော် လုပ်ဆောင်နေပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၂)ရွာ၌ လုပ်ဆောင်ပြီးဖြစ်ကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၈)ရွာကို ဆက်လက်အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။  


၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်သူ၊ ကျေးလက်၊ ယူနီဆက် အစီအစဉ်ဖြင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ  ကျွဲတံခါး၊ ပေပင်၊ ချောင်းဆုံ၊ ကံရွာ၊ ရေဖြူတွင်း၊ ရွာသစ်ကလေး၊  ဆင်လူး(တ)၊ ဆင်လူး(မ)၊ လက်ယက် စသည့် ကျေးရွာရှစ်ရွာ၌ အိမ်တိုင်ရာရောက် ရေရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ 


“ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ရရှိရေးကို နှစ်စဉ်ဆောင်ရွက်ပေးနေပါတယ်။ လက်ရှိအချိန်မှာ ကျေးရွာများနဲ့ လုပ်ငန်းဆောင်ရွက်ဖို့ သဘောတူ လက်မှတ်ရေးထိုးပြီးပါပြီ။ ရေပိုက်လိုင်းတွေ သွယ်ယူဖို့ အနိမ့်အမြင့် Level Survey တိုင်းတာမှုတွေ ဆက်လုပ်နေပါတယ်” ဟု ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောသည်။ 


ပွင့်ဖြူမြို့နယ်အတွင်း ကျေးရွာပေါင်း (၂၀၄)ရွာရှိပြီး အိမ်တိုင်ရာရောက်ရရှိရေးစနစ်ကို ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်အထိ အလှူရှင်၊ ပြည်သူ၊ ကျေးလက်၊ ယူနီဆက်တို့ပူးပေါင်း၍ နဘဲကုန်းကျေးရွာတွင်လည်းကောင်း၊ ကျေးရွာနေပြည်သူများမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကုလားဟောင်းကျေးရွာတွင်လည်းကောင်း လုပ်ဆောင်အောင်မြင်ပြီးဖြစ်သည်။


ကျေးရွာ(၈)ရွာ၌ အိမ်တိုင်ရာရောက် ရေရရှိရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ယူနီဆက်မှ ရေသွယ်ပိုက်အမျိုးမျိုး တာဝန်ယူပေးခြင်း၊ ကျေးရွာနေပြည်သူများမှ အမြင့်တင်ရေစင်မရှိပါက ရေစင်တည်ဆောက်ခြင်း၊ ရေမီတာ၊ ပိုက်ဆက်ပစ္စည်း ဝယ်ယူခြင်း၊ ရေပိုက်မြောင်းများ တူးဖော်ရာတွင် လုပ်အားကူညီမှုအပိုင်းတို့ကို တာဝန်ယူခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လိုအပ်သည့်နည်းပညာနှင့် ပူးပေါင်းဆောင်ရွက် တာဝန်ယူခြင်းများ လုပ်ဆောင်သွားမည်ဖြစ်သည်။ 


ဇေယျတု(မကွေး)