နေပြည်တော် ၂၇ သြဂုတ်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးအောင်မျိုးလတ် ၏ နိုင်ငံတော်မှ ဘဏ္ဍာရေးနှစ် ပြောင်းလဲခြင်း၏ အဓိကရည်ရွယ်ချက်များဖြစ်သော ဘတ်ဂျက်များ အလေအလွင့်မရှိစေရေး၊ တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေး ပြည့်မီစွာ အချိန်မီ ပြီးစီးနိုင်ရေးတို့အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဒီဇင်ဘာလ သို့မဟုတ် ဇန်နဝါရီလ အတွင်း တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရန် စီစဉ်ထားခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ လိုအပ်သော ပုံစံအချက်အလက်နှင့် စံချိန်စံညွှန်းများ ပြည့်စုံမှုရှိမှသာ တင်ဒါလုပ်ငန်းများ အချိန်ကြန့်ကြာမှု မရှိစေဘဲ ဆောလျင်စွာ စတင်နိုင်မည် ဖြစ်ပါကြောင်း၊ သို့မှသာ ဘတ်ဂျက်များ အလေအလွင့်မရှိဘဲ အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်နိုင်မည့်အပြင် အချိန်မီ ပြီးစီးနိုင်မည် ဖြစ်ပါကြောင်း။
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ယခု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း မြေနေရာအတည်ပြုခြင်း၊ ဒီဇိုင်းပုံစံနှင့် ခန့်မှန်းခြေစာရင်းများ ပြည့်စုံစွာ ရေးဆွဲခြင်းများ ကြိုတင်ဆောင်ရွက်ထားရှိပါက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဒီဇင်ဘာလ သို့မဟုတ် ဇန်နဝါရီလအတွင်း တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်မည်ဖြစ်ပြီး ဘဏ္ဍာရေးနှစ် ပြောင်းလဲခြင်း၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာ၏ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ မြို့မဈေး (ခေါ်) မင်္ဂလာဈေးအား မြို့အင်္ဂါရပ်နှင့်ညီသော အဆင့်မြင့်ဈေးအဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ မြို့မဈေး (ခေါ်) မင်္ဂလာဈေးအား မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈ ခုနှစ် Mini ဘတ်ဂျတ်ကာလများတွင် ပျံကျဈေးရုံ (၂)ရုံအား ငွေလုံငွေရင်း ခွင့်ပြုငွေကျပ် (၉၈ ဒသမ ၇)သန်း အသုံးပြု၍ တည်ဆောက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်များအတွင်း ဈေးတည်ဆောက်ခြင်းများအတွက် ခွင့်ပြုရန်ပုံငွေ တင်ပြတောင်းခံထားခြင်း မရှိပါကြောင်း၊ မင်္ဂလာဈေး အရှေ့ဘက်ဈေးရုံ (၄)ရုံအား အဆင့်မြင့်ဈေးအဖြစ် အဆင့်မြှင့်တင် တည်ဆောက်နိုင်ရန်အတွက် ဈေးသူ၊ ဈေးသားများနှင့် ညှိနှိုင်းခြင်း၊ Design ပုံစံရေးဆွဲခြင်း၊ ခန့်မှန်းကုန်ကျငွေ တွက်ချက်ခြင်းတို့ ဆောင်ရွက်ပြီး သင့်လျော်သည့် ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံငွေလျာထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
အလားတူ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ စောယှားဖောင်အွာ၏ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နှင့် ကျိုက်ဒုံမြို့သို့ ဆက်သွယ်ထားသော ကော့ကရိတ် - အစွန်း - လမ်းဖား - ကျိုက်ဒုံလမ်းအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဆီဟူးဒွေ့၏ မြစ်ကြီးနားမြို့မှ ဆင်ဘိုမြို့သို့ ဆက်သွယ်ဖောက်လုပ်လျက်ရှိသော မြစ်ကြီးနား - ဆင်ဘို - မြို့လှ - ကသာ ခရိုင်ချင်းဆက်လမ်း၏ မြစ်ကြီးနား - ဟိုကပ် - ဆင်ဘို လမ်းပိုင်းအား မြေသားလမ်းမှ ကျောက်ခင်းလမ်းအဖြစ် အဆင့်တိုးမြှင့် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လည်းကောင်း၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးစိုင်းစံအောင်၏ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဟိုပန်မြို့နယ်တွင် တိုင်းရင်းသား ပေါင်းစုံ အသုံးပြုမည့် စုပေါင်းသုဿန်အတွက် မီးသင်္ဂြိုဟ်စက် ခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက လည်းကောင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်း၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် တရားရုံး အပါအဝင် မွန်ပြည်နယ်အတွင်းရှိ ဖွဲ့စည်းပုံအင်အားနှင့် လုပ်ငန်းပမာဏ မျှတခြင်း မရှိသော မြို့နယ်တရားရုံးများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစ၍ လိုအပ်သလို ဖွဲ့စည်းပုံ အဆင့်တိုးမြှင့် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က လည်းကောင်း ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်လှဌေး(ခ)ဒေါ်အုန်းကြည်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်း၏ ရှေးအစဉ် အဆက်အသုံးပြုခဲ့သော ကျေးလက်နေ ပြည်သူများ ထိန်းသိမ်းသည့် မိုးရေကန်များ၊ သောက်သုံးရေကန်များ၊ ဆည်ငယ်/တမံငယ်များကို ရေချိုမိုးရေ စုဆောင်းသိုလှောင်ရန်၊ သောက်သုံးရေရရှိရန်၊ မြေအောက်ရေ ဖြည့်ဆည်းရန်၊ လုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုးရေရရှိရန်၊ သဘာဝ ဂေဟစနစ် မပျက်ရန်အတွက် ကန်တူးပေးခြင်း၊ ကန်ပေါင်ဆယ်ပေးခြင်း၊ ကန်ငယ်၊ ဆည်ငယ်၊ တမံငယ်များကို ပြုပြင်ထိန်းသိမ်းရန်နှင့် အသစ်တိုးချဲ့ တည်ဆောက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်ရှားမူက အဆိုအား ခြုံငုံသုံးသပ်ကြည့်ပါက ကျေးလက်နေပြည်သူများ သောက်သုံးရေနှင့် စိုက်ပျိုးရေ လုံလောက်စွာ အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှု အမြင့်ဆုံး ထိခိုက်လွယ်သော နိုင်ငံဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအား ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိပါကြောင်း၊ ထိုအခြေအနေများကို ရင်ဆိုင်ကျော်လွားရန် အစီအမံများ ချမှတ်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံသည် အခြားကမ္ဘာ့နိုင်ငံများထက် ရေချိုသယံဇာတ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်ပါကြောင်း၊ သို့သော် ၁၀ စုနှစ်ကာလအတွင်း ရာသီဥတုပြောင်းလဲမှုကြောင့် မိုးခေါင်ပြီး ခြောက်သွေ့လာခြင်း၊ ရေကြီးခြင်း၊ မြေအောက်ရေပမာဏ လျော့ကျခြင်းတို့ ဖြစ်ပေါ်လာပါကြောင်း၊ ထို့ကြောင့် မိမိဒေသ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ ရေလိုအပ်သော ကျေးလက်ဒေသများတွင် ရေလုံလောက်စွာ ရရှိနိုင်ရန်အတွက် ပြုပြင်ထိန်းသိမ်းရန် လိုအပ်မှုများနှင့် အသစ်တိုးချဲ့ တည်ဆောက်ရန် ရှိသည်တို့ကို ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဇော်မင်းလတ် (ခ) ဦးကိုလတ်က မိမိတို့ မြန်မာနိုင်ငံသည် ရှေးကာလကတည်းက မြို့၊ ရွာရှိ လယ်ယာစိုက်ခင်းများတွင် ရေတွင်း၊ ရေကန်များ၊ မိုးရေလှောင်ကန်များ တူးဖော်ပြီး သမိုင်းတစ်လျောက် ရေပြဿနာနှင့် ရိက္ခာပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့ကြပါကြောင်း၊ ယနေ့ခေတ်တွင် လူလုပ်သည့် ပရောဂများကြောင့် ရှေးကတည်းက သုံးစွဲလာခဲ့သည့် ရေတွင်း၊ ရေကန်များ ခမ်းခြောက် ပျက်စီးလာသကဲ့သို့ မြစ်၊ ချောင်း၊ အင်းအိုင်များသည်လည်း တိမ်ကော ပျက်စီးလာပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုအစိုးရအနေဖြင့် အဆိုရှင်တင်ပြသည့် အကြောင်းအရာများကို အလေးအနက်ထားပြီး စီမံချက်လုပ်ငန်းစဉ်များ ရေးဆွဲ၍ တောင်ပေါ်၊ မြေပြန့် မခွဲခြားဘဲ ဖော်ဆောင်ပေးစေလိုပါကြောင်း၊ ထိုကြောင့် အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ယင်းအဆိုကို ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်နန်းမိုးမိုးထွေး၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးကျော်ဆွေနှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်းတို့က ဆက်လက်ဆွေးနွေးကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို သြဂုတ် ၂၉ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်