သာပေါင်း ၂၇ ဩဂုတ်
သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက သာပေါင်းမြို့နယ် လှေကြီးတတ်ကျေးရွာရှိ အထက(လှေကြီးတတ်)တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကိုနိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး လက်ထောက်မြို့နယ် ပညာရေးမှူး ဆရာကြီး ဦးကျော်မင်းမှ ကြက်ခြေနီအသင်း ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းနှင့် မွန်မြတ်သော စေတနာ ကူညီဆောင်ရွက်နေသော အသင်းအဖွဲ့ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မီးသတ်ဦးစီးဌာန၏ လုပ်ဆောင်နေသော လုပ်ငန်းများ၊ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်စေသော အဓိကအချက်များ၊ မီးငြှိမ်းသတ်နည်းများ၊ သဘာဝဘေး ဖြစ်ပေါ်လာပါက လက်တလော ကာကွယ်နေထိုင်နည်းများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ပြောကြားခဲ့သည်။
ယင်းနောက် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မြို့နယ်တပ်ဖွဲ့မှူး ဦးသက်ညီညီမင်းက သူနာပြုစုရာတွင် ဆောင်ရန်၊ ရှောင်ရန် ကျန်းမာရေး ဗဟုသုတ အသိပညာပေး နည်းလမ်းများကို ဆွေးနွေးပြောကြားပြီး ကြက်ခြေနီအသိပညာပေး လက်ကမ်းစာစောင်နှင့် မီးသတ်အသိပညာပေး လက်ကမ်းစာစောင်၊ သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်တို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဟောပြောပွဲသို့ မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကိုနိုင်နှင့် ဝန်ထမ်းများ၊ လက်ထောက်မြို့နယ် ပညာရေးမှူး ဦးကျော်မင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ အထက(လှေကြီးတတ်)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ (၂၇၆)ဦး တတ်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း (ပြန်/ဆက်)


