နေပြည်တော် ၂၇ သြဂုတ် 

ချင်းပြည်နယ် အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေး အရေးပေါ်ကူညီ ထောက်ပံ့မှုစီမံကိန်း၊ ရပ်ရွာလူထု သဘာဝဘေးစီမံခန့်ခွဲမှု အစီအစဉ်ရေးဆွဲခြင်း အတွေ့အကြုံနှင့် သင်ခန်းစာမျှဝေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်၏ Principal Portifolio Management Specialist, Mr. Christopher A.Spohr တို့က အမှာစကားပြောကြားကြသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ရပ်ရွာလူထုသဘာဝဘေးစီမံချက်များကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေထံ လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်က ချင်းပြည်နယ် အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေး အရေးပေါ်ကူညီထောက်ပံ့မှု စီမံကိန်းကို ရှင်းလင်းတင်ပြပြီး Network Activities Group (NAG) ၏ Program Manager ဦးဝေလင်းချိုက သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ရပ်ရွာလူထုသဘာဝဘေးစီမံချက်၏ Planning Specialist ဦးမင်းမင်းထိုက်က ကျေးရွာလူထုမှ သဘာဝဘေးစီမံခန့်ခွဲမှု ရေးဆွဲခြင်းဆိုင်ရာအတွေ့အကြုံ သင်ခန်းစာများကို ဆွေးနွေးပြီး တက်ရာက်လာကြသူများက အနာဂတ်စီမံကိန်း လုပ်ငန်းများအတွက် အုပ်စုဖွဲ့ဆွေးနွေးအကြံပြုကြကာ အကြံပြုချက်များကို ရှင်းလင်းတင်ပြကြသည်။

ချင်းပြည်နယ် အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေး အရေးပေါ်ကူညီ ထောက်ပံ့မှုစီမံကိန်းကို ဂျပန်နိုင်ငံ ဆင်းရဲမှုလျော့ချရေးရန်ပုံငွေဖြင့် ၂၀၁၆ ခုနှစ် သြဂုတ်လမှစတင်၍ ၂၀၁၉ ခုနှစ် အောက်တိုဘာလအထိ ဆောင်ရွက်လျက်ရှိပြီး ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၇) မြို့နယ်တို့၌ အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။

ချင်းပြည်နယ် အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေး အရေးပေါ်ကူညီ ထောက်ပံ့မှု စီမံကိန်းတွင် ချင်းပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးခဲ့သည့် လမ်း၊ တံတားများ ပြုပြင်တည်ဆောက်ခြင်း၊ ကျေးရွာများတွင် မီးလင်းရေးနှင့် ရေပေးဝေရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ကြိုတင်ပြင်ဆင်ရေး၊ ပြန်လည်တုံ့ပြန်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို အဓိကဆောင်ရွက်လျက်ရှိကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပြောသည်။ 

သတင်းစဉ်