ရန်ကုန် ၂၇ သြဂုတ်

မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်ဝင်ခွင့်အား တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်းရမှတ် ၄၄၀ နှင့်အထက် ရရှိသူများအနေဖြင့် ထပ်မံလျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်က ပြောသည်။

မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်အား တက္ကသိုလ် ဝင်စာမေးပွဲစုစုပေါင်းရမှတ် ၄၇၀ နှင့်အထက် ရရှိသူများအား ခေါ်ယူခဲ့ရာမှ ယခုအခါ စုစုပေါင်းရမှတ် ၄၄၀ နှင့် အထက်ရရှိသူများအား ထပ်မံလျှောက်ထားခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာသည့်အတွက် ကျောင်းသားဦးရေတိုး၍ ခေါ်ယူလိုခြင်း၊ တက္ကသိုလ်သို့ ကျောင်းသား လျှောက်ထားမှု နည်းပါးသွားခြင်းတို့ကြောင့် ယခုကဲ့သို့ ထပ်မံခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။ 

“ဒီနှစ်ထူးခြားမှုအနေနဲ့ ဆယ်တန်းအောင်တဲ့ ကလေးအများစုက စုစုပေါင်းရမှတ်တွေ နည်းနည်းကျသွားတယ်။ ကျသွားတော့ ကျွန်တော်တို့ ထင်သလောက်ကျောင်းကို ရောက်မလာဘူး။ ဒီနှစ်ကလည်း ပြီးခဲ့တဲ့နှစ် ကထက်စာရင် လူအင်အားတိုးခေါ်ထားတာရှိတယ်။ အရင်နှစ်တွေက ၃၂၀ နဲ့ ပုံမှန်ခေါ်လာခဲ့တာပေါ့။ ဒီနှစ်မှာတော့ ၄၀ဝ လောက် ခေါ်ရအောင် အလုပ်အကိုင် အခွင့်အလမ်းလေးတွေလဲ ပွင့်လင်းလာတော့ပေါ့နော်။ နောက် ၁၁ တန်း၊ ၁၂ တန်းဖြစ်လာရင် လူများလျော့သွားမလားပေါ့နော်။ ဒါမျိုးလေးတွေ တိုင်ပင်ပြီးတော့ ဒီနှစ်ကျမှ လူ ၄၀ဝ လက်ခံဖို့ခေါ်လိုက်တာပါ” ဟု မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်က ပြောသည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမှုများကို စက်တင်ဘာလ ၁၃ ရက်နေ့အထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကျောင်းသားလျှောက်ထားမှုများတွင် မိန်းကလေးများ လျှောက်ထားမှုကို ၂၀ ရာခိုင်နှုန်း လျှောက်ထားခွင့်ရှိရာ ယခုနှစ်တွင် ကျောင်းသူ ၈၀ ဦးခန့်အထိ လက်ခံပေးမည်ဖြစ်ကြောင်း သိရသည်။ 

တက္ကသိုလ်တွင် ဘွဲ့ပေးဌာန ၇ ခုရှိသည့်အနက် ဌာန ၃ ခုမှာ သင်္ဘောသားအဖြစ် တိုက်ရိုက်လျှောက်ထားနိုင်ပြီး ဘွဲ့ကြိုသင်တန်းအားလုံးမှာ ၅ နှစ်သင်တန်းဖြစ်ကြောင်း သိရသည်။  ဘွဲ့လွန်ဒီပလိုမာသင်တန်းများ အနေဖြင့် သင်္ဘောလုပ်ငန်းစီမံခန့်ခွဲရေး၊ ဆိပ်ကမ်းလုပ်ငန်းစီမံခန့်ခွဲရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဟူသော သင်တန်များဖွင့်လှစ်ထားပြီး ရေယာဉ်တည်ဆောက်မှု၊ ဆိပ်ကမ်းအင်ဂျင်နီယာ၊ မြစ်ချောင်းနှင့် ကမ်းရိုးတမ်းအင်ဂျင်နီယာ ဘာသာရပ်သုံးခုကို မဟာဘွဲ့အထိ အပ်နှင်းနိုင်ကြောင်း သိရသည်။
 
မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်၌ လက်ရှိတွင် ကျောင်းသားဦးရေ ၁၅၀ဝ နီးပါး ပညာသင်ကြားလျက်ရှိပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် လျှောက်ထားသူဦးရေ ၁၆၀ ခန့်ရှိကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း