တနင်္သာရီ ၂၇ သြဂုတ်
မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် ဩဂုတ် ၂၇ ရက် မွန်းလွဲ ၃ နာရီခန့်က မြစ်ရေတိုင်းတာချက်အရ တနင်္သာရီမြစ်ရေသည် ဒုတိယအကြိမ် စိုးရိမ်ရေအမှတ် (၁၇)ပေ (၆)လက်မသို့ ပြန်လည်ရောက်ရှိလာသဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တို့၌ ရေဝင်ရောက်လာကာ ယာယီကယ်ဆယ်ရေးစခန်းသို့ အိမ်ထောင်စု (၁၉)စုမှ လူဦးရေ (၉၁)ဦး ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
တနင်္သာရီမြစ်ရေ တိုးလာမှုကြောင့် တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက်၊ သီတာလမ်းမပေါ်တွင် ရေအနက် (၁)ပေခန့်၊ အလျားပေ (၂၀ဝ) ခန့် ရေဝင်ရောက်ခဲ့ပြီး အဆိုပါရပ်ကွက်ရှိ အိမ်ထောင်စု(၉)စုတို့မှ အမျိုးသား (၂၃)ဦး၊ အမျိုးသမီး(၂၂)ဦး စုစုပေါင်း (၄၅)ဦးတို့အား ယာယီရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားသည့် ချောင်းငယ်ရပ်ကွက် ရိပ်သာဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။
အလားတူ တနင်္သာရီမြို့နယ် ဆင်ခြေဖုံးကျေးရွာအုပ်စု ဘန်းသဲကျေးရွာရှိ အိမ်ထောင်စု(၁၀)စုတို့မှ အမျိုးသား (၁၈)ဦး၊ အမျိုးသမီး (၂၈)ဦး စုစုပေါင်း (၄၆)ဦးတို့သည်လည်း ဘန်းသဲကျေးရွာရှိ ဘန်းသဲဘုန်းတော်ကြီးကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်းမှ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် မြစ်ရေတိုးလာသည့်အတွက် ရေဘေးသင့်ပြည်သူများအတွက် လိုအပ်လျက်ရှိသည့် ဆန်၊ ဆီ စားနပ်ရိက္ခာများနှင့် သန့်ရှင်းသော သောက်သုံးရေများ လိုအပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
မြင့်ဦး(မြိတ်)


