၂၈ သြဂုတ်


နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင်   ပညာရေးကဏ္ဍ၌ မည်ရွေ့မည်မျှ ရင်းနှီးမြှုပ်နှံခဲ့သလဲဟူသည့်အပေါ်တွင်    များစွာမူတည်ပါသည်။  မူလတန်းပညာရေးမှအစ၊ သက်မွေးဝမ်းကျောင်းမှုဆိုင်ရာ စက်မှုလက်မှုကျောင်း များအလယ်၊ အဆင့်မြင့်တက္ကသိုလ်ပညာရပ်များနှင့် လုပ်ငန်းတာဝန်ကြီးသူများအတွက် မွမ်းမံပညာရေးအဆင့်ဆင့်အထိ။

 

နိုင်ငံ၏ပညာရေးကဏ္ဍ အရေးကြီးသည်ကို သိရှိနားလည်သည် ဖြစ်သည့်အားလျော်စွာ  နိုင်ငံ၏ဘတ်ဂျက်သုံးစွဲရေးတွင်   ပညာရေးအတွက် အသုံးပြုရန် ဘဏ္ဍာသုံးစွဲရေးလျာထားမှုကို ပိုမိုအလေးထား ဦးစားပေး လေ့ရှိပါသည်။

 

အစိုးရအဖွဲ့ဝင်များ၊ ပြည်သူ့ကိုယ်စားလှယ်များအဖို့ အစဉ်သတိထား ဆောင်ရွက်ရသည်မှာလည်း ဘတ်ဂျက်လျာထား  သတ်မှတ်မှု၊ သုံးစွဲမှုတို့ကို ဖြစ်ပါသည်။ မည်သို့သော ဘတ်ဂျက်ကိုမဆို  ဤရွေ့ ဤမျှ  လျာထားခြင်း သည် တစ်နိုင်ငံလုံးအနေအထားဖြင့်  လည်းကောင်း၊  အခြားခြားသော လိုအပ်ချက်များရှိနေသည့် ကဏ္ဍအသီးသီးအနေဖြင့်လည်းကောင်း ခြုံငုံသုံးသပ်လျှင်  သင့်လျော်၏   မလျော်၏၊  ထိုဘတ်ဂျက်အတိုင်း သုံးစွဲရာတွင် လိုအပ်ချက်နှင့် ကိုက်ညီခြင်းရှိမရှိ၊ သတ်မှတ်စံနှုန်းများဖြင့် ပြည့်မီခြင်းရှိမရှိ စသည်တို့ကို  ဘက်စုံထောင့်စုံ  လေ့လာသုံးသပ်ရပါသည်။

 

အဘက်ဘက်မှ   ခိုင်လုံသောအကြောင်းပြချက်များကို စိစစ်ကာ သင့်မသင့်၊ မှန်မမှန်    စောင့်ကြည့်ကြရပါသည်။    ထိုသို့သောအားဖြင့် ဘတ်ဂျက်ကို စောင့်ကြည့်ထိန်းချုပ်ရာတွင် နိုင်ငံ၏လိုအပ်မှုအတိုင်းအတာကို လိပ်ပတ်လည်အောင် နားလည်သိရှိပြီးမှ ဆောင်ရွက်ရသည့် အားလျော်စွာ အထူးတာဝန်ကြီးလေးလှသည်လည်း ဖြစ်ပါ၏။ မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်မှာမူ  ပို၍ပို၍အရေးကြီးသည်ဆိုခြင်းမှာ အမှန်တရားပဲဖြစ်ပါသည်။

 

နိုင်ငံတော်၏ ဘဏ္ဍာဆိုသည်မှာ ပြည်သူ့ဘဏ္ဍာဖြစ်သည့်အလျောက် မသင့်လျော်သည်ကို   မသုံးစွဲမိရန်   အရေးကြီးသကဲ့သို့  အမှန်တကယ် လိုအပ်သည်ကိုလည်း သုံးစွဲရန် လိုအပ်ပါသည်။

 

အထူးသဖြင့် အစိုးရလုပ်ငန်းများ တင်ဒါခေါ်ယူခြင်းဆိုသည်ကို ယခင့် ယခင်အစိုးရများလက်ထက်က   နီးစပ်ရာတို့နှင့် လက်သင့်ရာ လုပ်ဆောင်ခဲ့ခြင်းတို့ကြောင့် အမှားအယွင်းဆိုးကျိုးများကိုလည်း လက်တွေ့ ကြုံတွေ့ နေရပြီဖြစ်ရာ ယခုအခါ ပိုမိုဂရုစိုက်ကြရရန် လိုအပ်နေပါတော့သည်။

 

သို့သော်လည်း မှန်ကန်သော ဆုံးဖြတ်ချက်ရရှိရေးက အလွန်ပဲအရေးကြီးသည် ဆိုသည်ကိုလည်း သတိမလစ်ကြရန် လိုပါသည်။

 

ဘတ်ဂျက်စိစစ်သည်ဆိုခြင်းမှာ၊ သုံးစွဲမှုများကို စောင့်ကြပ်ထိန်းကျောင်းသည်ဆိုခြင်းမှာ ငွေကြေးအကုန်အကျ အနည်းဆုံးဖြစ်ရေးအတွက် သက်သာချောင်ချိရေးကို ဦးတည်နေခြင်းသက်သက်မဟုတ်ဘဲ ပြည်သူ့ဘဏ္ဍာသုံးစွဲမှုတိုင်းသည်  ထိရောက်ထက်မြက်သော သုံးစွဲမှုဖြစ်ရေး၊ ပြည်သူ့အကျိုးစီးပွားအတွက်    ဖြစ်ရေးတို့က    ပိုမိုအရေးကြီးသည်ဟူ၍ ဖြစ်ပါသည်။

 

ဦးအစတွင်  ဖော်ပြသကဲ့သို့ ပညာရေးအသုံးစရိတ်များကို တိုးမြှင့်ပေးခြင်းသည်    လိုအပ်နေသလို    တိုးမြှင့်ပေးသည့်    ငွေကြေးသည် အမှန်တကယ်လိုအပ်ချက်ကို   ဖြည့်ဆည်းပေးနိုင်ရန်  လိုအပ်သည့်အပြင် ထိုငွေကြေးနှင့်ထိုက်တန်သည့် အရည်အသွေး   စံချိန်စံနှုန်းများကိုလည်း ရရှိရန်  လိုအပ်မည်ဖြစ်ပါသည်။

 

လိုအပ်ချက်များကို စိစစ်သုံးသပ်ရာတွင် မူလတန်းပညာရေး၊ အလယ်တန်း၊ အထက်တန်းပညာရေး    စနစ်များအတွက်  လိုအပ်သည်များကို နားလည်ရန်လိုအပ်သကဲ့သို့ သက်မွေးဝမ်းကျောင်းပညာရပ်များဆိုင်ရာ တို့ကိုလည်းကောင်း၊ အဆင့်မြင့်ပညာရေး  အသီးသီးကိုလည်းကောင်း အမှန်တကယ်  ပိုင်နိုင်နားလည်ရန်လည်း လိုအပ်ပါသည်။

 

မူလတန်းပညာရေးမှာ  အခြေခံမှအစ  စနစ်တကျရင်းနှီးမြှုပ်နှံရန် လိုအပ်ချက်ကြီးများက ရှိနေသကဲ့သို့ အဆင့်မြင့်ပညာသင်ကျောင်းများကလည်း လိုအပ်နေသည်ပဲဖြစ်သည်။ စက်ပြင်၊ ရေပိုက်ဆက်၊ လက်သမား အစရှိသည့် အခြေခံသက်မွေးဝမ်းကျောင်း ပညာရပ်ကျောင်းများက လူငယ်အလုပ်အကိုင်အခွင့်အလမ်းများအတွက် ဖြည့်ဆည်းပေးရန်များ ရှိသကဲ့သို့  နိုင်ငံတကာမျက်နှာစာများသို့ လှည့်လည်တွေ့ဆုံရင်ဆိုင်နေရသည့် သံအမတ်များ၊ သံတမန်များ၏ နိုင်ငံတကာဆက်ဆံရေးအဆင့် မြင့်မားရေး၊ သံကြီးတမန်ကြီးများ ပီသရေးအတွက် ကျောင်းများသည်လည်း လိုအပ်နေမည်သာဖြစ်သည်။

 

ဈေးအသက်သာဆုံး  ဆောက်လုပ်ရေးကန်ထရိုက်များ  လက်ထဲသို့ ဆောက်လုပ်ရေးလုပ်ငန်းများအပ်နှံလျှင် တိုင်းပြည်ဘဏ္ဍာသက်သာမည်ဟု အပေါ်ယံတွေးဖို့မဖြစ်နိုင်သလို၊ မြစ်ကူးတံတားကြီးမှာ တိုင်တစ်တိုင် လျှော့လိုက်လျှင် ငွေပမာဏများစွာ သက်သာသွားလိမ့်မည်ဟု တွေး၍ မရသကဲ့သို့၊ မူလတန်းကျောင်းတွင် စာသင်ခန်းအကျယ်အဝန်း၊ အလင်းရောင်၊  လေဝင်လေထွက်ကောင်းမွန်မှု      အစရှိသည်တို့အပြင်    ပန်းချီ အနုပညာသင်ခန်း ထည့်သွင်းဆောက်လုပ်ရန် လိုသည်ဆိုခြင်းကို ငွေကြေးသက်သာရန်အလို့ငှာ အခန်းလျှော့ချ၍ မရပါ။

 

ဤသည်မှာ ပညာရေးကဏ္ဍတွင်သာမက မည်သည့်ကဏ္ဍတွင်မဆို ပြည်သူ့ငွေသုံးစွဲမည်ဆိုလျှင် စနစ်ကျနရန် လိုမည်ဖြစ်ပါသည်။

 

ဘာတွေ  အမှန်တကယ်လိုအပ်သည်၊  ဘယ်လောက်  လိုအပ်သည်၊ ဘယ်သို့သော အရည်အသွေးစံနှုန်းလိုသည် အစရှိသည်တို့ကို  ကျကျနန နားလည်ကာ စိစစ်ဆုံးဖြတ်နိုင်ခြင်းကသာလျှင် ပြည်သူ့ဘဏ္ဍာကို အမှန်တကယ်  စိစစ်သုံးစွဲခြင်းဖြစ်ပါလိမ့်မည်ဟု    ယုံကြည်သည့်အတိုင်း တင်ပြလိုက်ရပါကြောင်း။       ။

 

မြန်မာ့အလင်း