ညစ်ညမ်းတဲ့ လေထုကို ရှူရှိုက်ရတာများတဲ့ အမျိုးသမီးတွေဟာ သွေးတိုးရောဂါဖြစ်လာနိုင်ခြေ အရမ်းများတယ်လို့ စပိန်သုတေသနအသစ်တစ်ခုအရ သိရပါတယ်။


လေ့လာမှုအရ အိန္ဒိယနိုင်ငံအတွင်းက လေထုညစ်ညမ်းမှု ဒဏ်အများဆုံး ထိတွေ့ခဲ့ရတဲ့ အမျိုးသမီးတွေဟာ သွေးတိုးရောဂါ အန္တရာယ်သိသိသာသာပိုများတာကို တွေ့ရပါတယ်။


Epidemiology ဂျာနယ်မှာဖော်ပြခဲ့တဲ့ ဒီသုတေသနမှာ ဟိုင်ဒရာဘတ်မြို့အနီးက ကျေးရွာ ၂၈ ခုဆီက လူဦးရေ ၅၅၃၁ ဦးကို လေ့လာခဲ့တာဖြစ်ပါတယ်။


လေ့လာမှုမှာ ပါဝင်သူတွေရဲ့ သွေးဖိအားကို တိုင်းတာခဲ့ပြီး သူတို့ရဲ့နေအိမ်တဝိုက်မှာ လေထုတွင်းညစ်ညမ်းမှုန်ပါဝင်မှုညွှန်းကိန်းအဆင့်(PM2.5)နဲ့ black carbon တို့နဲ့ နှစ်စဉ်ထိတွေ့မှုကို ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။


ပါဝင်သူတွေဟာ အိမ်မှာ ဘယ်လိုလောင်စာမျိုး သုံးပြီးချက်ပြုတ်သလဲဆိုတာတွေပါ အပါအဝင် သူတို့ရဲ့လူမှုရေး-စီးပွားရေး အနေအထား၊ ဘဝနေထိုင်မှုပုံစံနဲ့ နေအိမ်အခြေအနေကိုဖော်ပြနိုင်ဖို့ စစ်တမ်းတွေဖြေဆိုရပါတယ်။


သိသိသာသာပါပဲ။ ပါဝင်သူအားလုံးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားတဲ့ ကျန်းမာရေးနဲ့ညီတဲ့ PM ညွှန်းကိန်းအတိုင်းအတာထက် 10 µg/m³ ကျော်လွန်ထိတွေ့ခဲ့တာဖြစ်ပါတယ်။ လေ့လာမှုမှာ သတ်မှတ်ထားတဲ့ PM2.5 အဆင့်နဲ့ ထိတွေ့မှုပျမ်းမျှအဆင့်က 33 µg/m3 ဖြစ်ပါတယ်။


သွေးဖိအားတိုင်းတာမှုတွေအရ ပါဝင်သူတွေရဲ့ထက်ဝက်နီးပါး(၄၆ ရာခိုင်နှုန်း)ဟာ သွေးတိုးရှိနေတာတွေ့ရပြီး အတော်များများက ရောဂါရှိတာမသိသေးသူတွေ၊ သေချာမကုသသူတွေဖြစ်နေခဲ့ပါတယ်။


PM2.5 ထိတွေ့မှုမှာ 1µg/m3 ပိုများနေတာက အမျိုးသမီးတွေမှာ သွေးဖိအား ၄ ရာခိုင်နှုန်း မြင့်လာတာနဲ့ သိသိသာသာဆက်နွယ်နေတယ်လို့ တွေ့ရှိချက်တွေကဖော်ပြခဲ့ပါတယ်။ ဒီဆက်နွှယ်မှုမှာ အမျိုးသားတွေကတော့ ရာခိုင်နှုန်းပိုနည်းတာတွေ့ရပါတယ်။


သုတေသနအရဆိုရင် အိမ်မှာ ဘာလောင်စာနဲ့ပဲချက်ချက် အိမ်နားတဝိုက် လေထုညစ်ညမ်းမှုနဲ့ရေရှည်ထိတွေမယ်ဆို သွေးတိုးရောဂါဖြစ်နိုင်ခြေကို ပိုမြင့်စေတယ်လို့ ညွှန်ပြနေတာတွေ့ရပါတယ်။


လေထုညစ်ညမ်းမှုကြောင့် သွေးတိုးစေနိုင်တဲ့ အကြောင်းရင်းအချက်တွေထဲမှာ သွေးကြောလုပ်ဆောင်ချက်တွေကို ပြောင်းလဲစေနိုင်တဲ့ ရောင်ရမ်းမှုနဲ့ ဓာတ်တိုးဖြစ်စဉ်တွေကြောင့်လည်း ပါဝင်တယ်လို့ သုတေသီတွေကပြောပါတယ်။


လေထုညစ်ညမ်းမှုဟာ အဆုတ်နဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်စေရုံသာမက နာတာရှည်ဝေဒနာများခံစားရစေခြင်း၊ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုပါ ရောဂါရစေခြင်း၊ နှလုံးရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ အပြင် အဆုတ်ကင်ဆာရောဂါဖြစ်ပွားစေခြင်းတွေအထိဖြစ်စေနိုင်ပါတယ်။ ဒီလိုအမှုန်အမွှားတွေကို ထိတွေ့ရှူရှိုက်ရတာများလာရင် အရွယ်မတိုင်မီသေဆုံးခြင်းကိုပါဖြစ်စေနိုင်တာ သိထားပြီးဖြစ်ပါတယ်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စာရင်းဇယားတွေအရလေထုညစ်ညမ်းမှုကြောင့် ဖြစ်လာရတဲ့ရောဂါတွေနဲ့ လူသေဆုံးမှုနှုန်းက တစ်နှစ်ကိုလူပေါင်း ၃ သန်းလောက်ရှိပါတယ်။ ၂၀၁၂ ခုနှစ်မှာဆိုရင် လေထုညစ်ညမ်းမှုကြောင့်သေဆုံးသူ ၆.၅ သန်းအထိမြင့်တက်ခဲ့ဖူးပါတယ်။


ဒီအရေအတွက်ဟာ ကမ္ဘာတစ်ဝန်းလူသေဆုံးမှုရဲ့ ၁၁.၆ ရာခိုင်နှုန်း လောက်ရှိနေတာဖြစ်ပါတယ်။


ရေးသားသူ -Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”