အောင်လံ ၂၈  ဩဂုတ် 
            
မကွေးတိုင်းကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့သည် မြို့အတွင်း အလျင်အမြန် ဖွံ့ဖြိုတိုးတက်စေရေးအတွက် လမ်းပေါင်း(၁၉)ခုအား ပြည်သူမှ ၄၀ ရာခိုင်နှုန်း စည်ပင်သာယာရေးအဖွဲ့မှ ၆၀ ရာခိုင်နှုန်း တို့ဖြင့် ပြည်သူပူးပေါင်းပါဝင်သော ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ 

မြို့နယ်စည်ပင်သာယာရေးကော်မတီသည် ဩဂုတ်လ(၂၇)ရက်နေ့ မွန်းလွဲ(၂)နာရီက ပြည်သူပူးပေါင်းပါဝင်သော (၁၅)ခုမြောက် ကွန်ကရစ်လမ်းဖြစ်သည့် ရွာထောင်ရပ်ကွက် ရွှေအုန်းသီးလမ်းအား မြေပြင်ပြီး၍ ကွန်ကရစ်လမ်း စတင်ခင်းနေမှုအခြေအနေကို ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြပြီး လမ်းကော်မတီဝင်များ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ လုပ်ငန်းသဘောသဘာဝများကို ရှင်းလင်းဆွေးနွေးသည်။ 

ထို့အပြင် လမ်းသူလမ်းသားများ ကျေနပ်လက်ခံနိုင်သည့် အရည်အသွေးပြည့်မီသော ကွန်ကရစ်လမ်းဖြစ်ပေါ်လာစေရေးအတွက် အထူးကြိုးစား ဆောင်ရွက်သွားကြရန်ကိုလည်း လုပ်ငန်းတာဝန်ခံအင်ဂျင်နီယာအား မှာကြားခဲ့ကြောင်း သိရသည်။

အောင်လံမြို့တွင် ပြည်သူပူးပေါင်းပါဝင်သော ကွန်ကရစ်လမ်း(၁၅)လမ်းအထိ ရှိလာပြီဖြစ်ပြီး ယင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိရာ၊ ပြည်သူများပူးပေါင်းပါဝင်ခြင်းဖြင့် မြို့၏ဖွံ့ဖြိုးတိုးတက်မှု လျင်မြန်လာမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ နှိုးဆော်တိုက်တွန်းထားကြောင်း သိရသည်။

သိန်းလွင်(အောင်လံ)