ပန်ဆောင် ၂၈ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့တွင် နန်းယွန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရပ်ကွက်နေပြည်သူများ သောက်သုံးရေရရှိရေးအတွက် စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း နန်းယွန်းမြို့နယ်၊ စည်ပင် သာယာရေး ကော်မတီအဖွဲ့မှ အတွင်းရေးမှူး ဦးကျိုင်းဆက် ထံမှ သိရသည်။
ရပ်ကွက်နေပြည်သူများအနေဖြင့် ယခင်က သောက်သုံးရေကို နောင်ယမ်းအင်းဘေးရှိ ချောင်းများနှင့် အင်းများမှ ပိုက်များဖြင့် သွယ်တန်းပြီး အသုံးပြုလျက်ရှိရာ နန်းယွန်းမြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ရေစုကန်ဖြင့် စနစ်တကျအသုံးပြုနိုင်ရန် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းတွင် အရှည်(၄)မိုင်(၅.၂၃)ဖာလုံရှိ ရေပိုက်သွယ်တန်းခြင်း လုပ်ငန်း၊ အလျား(၁၆)ပေ၊ အနံ(၂)ပေ(၆)လက်မ၊ အမြင့်(၄)ပေရှိ ရေတားတမံတည်ဆောက်ခြင်းလုပ်ငန်းနှင့် ဂါလံ (၅၀ဝ၀)ဆံ့ ရေစုကန် တစ်ကန်တည်ဆောက်ခြင်းလုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။
ပန်ဆောင်မြို့နယ် ၊အောက်ရပ်ကွက်သို့ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ပိုလျှံရန်ပုံငွေ ကျပ်သန်း(၅၀)ဖြင့် လုပ်ဆောင်ပေးခြင်းဖြစ်ပြီး ၎င်းလုပ်ငန်းကို သြဂုတ်လ (၁၈)ရက်နေ့မှ စတင်လုပ်ဆောင်ပေးလျက်ရှိရာ ယခုအခါတွင် လုပ်ငန်းအားလုံး၏ (၆၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းနှင့် ယခုဘဏ္ဍာနှစ်အတွင်းအပြီးလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


