မိတ္ထီလာ ၂၈ သြဂုတ်
ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လှူဒါန်းနိုင်ရန်ရည်ရွယ်ချက်ဖြင့် ဓါတ်ပုံအနုပညာရှင်မြတ်နိုးသူများစုပေါင်း၍ မိတ္ထီလာတွင် ရေဘေးကူညီကယ်ဆယ်ရေး ရန်ပုံငွေ ဓါတ်ပုံရောင်းပွဲတော်ကို သြဂုတ် ၂၈ နံနက် ၉ နာရီက မြို့မရပ်ကွက်မိတ္ထီလာကန်
ပတ်လမ်းတွင် ကျင်းပကြောင်း သိရသည်။
နိုင်ငံအတွင်းမှာ သဘာဝဘေးဒဏ်ဖြစ်တဲ့ ရေဘေးဒဏ်ခံရတဲ့ဒေသများအတွက် ထောက်ပံ့မှုနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ လှူဒါန်းနိုင်ဖို့ ရည်ရွယ်ပြီးတော့ အခုလို ဓါတ်ပုံရောင်းပွဲတော်ကျင်းပတာပါ။ ဓါတ်ပုံအနုပညာချစ်မြတ်နိုးတဲ့ ၊ ဓါတ်ပုံအနုပညာဝါသနာကြီးတဲ့သူတွေရဲ့ဓါတ်ပုံတွေနဲ့ ဖိတ်ခေါ်ထားတဲ့ ဓါတ်ပုံပညာရှင်တချို့ရဲ့ ဓါတ်ပုံလက်ရာတွေပါဝင်ပါတယ်။ ဓါတ်ပုံအများစုက မိတ္ထီလာမြို့ပတ်ဝန်းကျင်က သဘာဝရှုခင်းအလှဓါတ်ပုံတွေဖြစ်ပြီးပြင်ဦးလွင်၊အောင်ပန်း၊ ပင်းတယ၊ အင်းလေးဒေသက ရှု့ခင်းဓါတ်ပုံတွေလည်း ပါဝင်ပါတယ်။မိတ္ထီလာမှာ ပရဟိတအတွက် ပထမဆုံး ဓါတ်ပုံပြပွဲရောင်းပွဲလည်း
ဖြစ်ပြီးနောက်ကျရင် အများအကျိုးအတွက်လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းထောက်ပံ့နိုင်ဖို့ အခုလိုပွဲမျိုးတွေ လုပ်ဖြစ်ဖို့လည်း ဒီပွဲက ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။ လာရောက်အားပေးဝယ်ယူပြီး ကုသိုလ်ယူကြဖို့ မိတ္ထီလာက လုပ်ငန်းရှင်တွေ မြို့မိမြို့ဖတွေ၊ ဓါတ်ပုံချစ်မြတ်နိုးသူတွေကို ဖိတ်ခေါ်ပါတယ်ဟု အဆိုပါ
ဓါတ်ပုံပြပွဲတွင် ဦးဆောင်ပါဝင်ဆောင်ရွက်တစ်ဦးဖြစ်သည့် ကိုထွန်းလွင် က ပြောသည်။
အဆိုပါ ဓါတ်ပုံရောင်းပွဲတော်တွင် ဓါတ်ပုံပေါင်း ၆၀ ကျော်ကို ခင်းကျင်းပြသထားပြီး သြဂုတ်လ ၂၈ မှ ၃၁ အထိ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ နေ့စဉ်ပြသရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။
ချမ်းသာ(မိတ္ထီလာ)


