မြစ်ကြီးနား ၂၈  သြဂုတ်
    

ကချင်ပြည်နယ်အတွင်း ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွက် အခွန်အများဆုံးထမ်း ဆောင်ခဲ့ကြသည့် အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်သည်။
    

ဂုဏ်ပြုချီးမြှင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က တိုင်းပြည်တည် ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်တဲ့နေရာမှာ တိုင်းပြည်ဘဏ္ဍာအခွန်ငွေ လုံလောက်အောင်ရရှိမှသာ ဆောင်ရွက်ပေးနိုင်မှာဖြစ်သလို အခွန်ထမ်းပြည်သူတွေ ထမ်းဆောင်လိုက်တဲ့ အခွန်ဘဏ္ဍာငွေတွေကို ဘယ်ကဏ္ဍမှာ ဘယ်လိုအသုံးပြုလိုက်တယ်၊ ဘယ်ကဏ္ဍအတွက် ဘယ်လိုအကျိုးရှိစေတယ်ဆိုတာကို ပြည်သူတွေသိရှိမှသာ အခွန်ထမ်းဆောင်မှုပိုမိုကျယ်ပြန့် လာစေမှာဖြစ်ကြောင်း၊ ယနေ့ ယခုလို တာဝန်ကျေတဲ့ တာဝန်သိတဲ့ အခွန်ထမ်းစာရင်းတွေကို ထုတ်ပြန်ပေးနေခြင်းသည် နိုင်ငံတော်အပေါ် တာဝန်ကျေပွန်မှုကို အသိအမှတ်ပြုခြင်းဖြစ် သည်သာမက ဂုဏ်ပြုမှတ်တမ်းတင်ခြင်းလည်းဖြစ်ပါကြောင်း၊ မိမိတို့ ကချင်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့်လည်း ဂုဏ်ပြုခြင်းဟာ နိုင်ငံတော်အကျိုးအတွက် မွန်မြတ်သော စိတ်ဓာတ် ဖြင့် အခွန်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများအဖြစ် အသိအမှတ်ပြုခြင်း ဂုဏ်ပြု ချီးမြှင့်ခြင်းလည်းဖြစ်ကြောင်း ပြောကြားသည်။
    

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွက် နိုင်ငံတော်မှ ချီးမြှင့်သော ဂုဏ်ပြုမှတ်တမ်းလွှာ အား အခွန်အများဆုံးထမ်းဆောင်ခဲ့ကြသော ကုန်သွယ်လုပ်ငန်းအခွန်ထမ်း(၄)ဦးနှင့် ဝင်ငွေခွန် အခွန်ထမ်း(၆)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ပြည်နယ်အတွင်း အခွန် အများဆုံးထမ်းဆောင်ခဲ့ကြသည့် ကုန်သွယ်လုပ်ငန်းခွန် အခွန်ထမ်း ၅၀ နှင့် ဝင်ငွေခွန် အခွန်ထမ်း ၅၀ တို့အား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရ အဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။


ပြည်နယ်ပြန်/ဆက်

1