နေပြည်တော် ၂၈ ဩဂုတ်
ပြည်ထောင်စုရှေ့နေချုပ် ဥက္ကဋ္ဌအဖြစ်ပါဝင်သော ဥပဒေဘာသာပြန်ကော်မရှင်၏ ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဥပဒေဘာသာပြန်ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ကော်မရှင်၏ ပထမအကြိမ် အစည်းအဝေးကို ၂၀၁၇ ခုနှစ် မတ် ၃၀ ရက်တွင် ကျင်းပခဲ့ပြီး ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းပခဲ့ကြောင်း၊ ထို့နောက် ၂၀၁၈ ခုနှစ် ဇွန် ၂၇ ရက်မှာ အမိန့်အမှတ်၊ ၁/၂၀၁၈ ထုတ်ပြန်ခဲ့ပြီး ဥပဒေ ၉ ခု၏ ဘာသာပြန်ဆိုချက်ကို ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ တတိယအကြိမ် အစည်းအဝေးကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၅ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် ဥပဒေ ၆ ခု ဆွေးနွေးနိုင်ခဲ့ပြီး အမိန့်အမှတ်၊ ၉/၂၀၁၉ ထုတ်ပြန်ပြီး ယင်းဥပဒေ ၆ ခုရဲ့ ဘာသာပြန်ဆိုချက်ကို ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ စတုတ္ထအကြိမ် အစည်းအဝေးကို ၂၀၁၉ ခုနှစ် မတ် ၂၈ မှ ၂၉ ရက်ထိ ကျင်းပခဲ့ကြောင်း။
ယင်းအစည်းအဝေးတွင် ဥပဒေ(၅)ခု ဆွေးနွေးခဲ့ပြီး မကြာမီစာအုပ်အဖြစ် ထုတ်ဝေနိုင်တော့မည် ဖြစ်ပါကြောင်း၊ ဘာသာပြန်လုပ်ငန်းမှာ လွယ်ကူသည့် လုပ်ငန်းမဟုတ်ပါကြောင်း၊ ဥပဒေ ဘာသာပြန်ကော်မရှင်အဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များအားလုံး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြသဖြင့် ဘာသာပြန်အမှားအယွင်းမရှိအောင် အကြိမ်ကြိမ်ဆွေးနွေးစိစစ်မှုများ ပြုလုပ်ကြသဖြင့် လုပ်ငန်းများထိုက်သင့်သလောက် ပြီးစီးအောင်မြင်ရခြင်းဖြစ်ပါကြောင်း၊ ဘာသာပြန် ဥပဒေစာအုပ် အမှတ် ၁ နှင့် ၂ တို့ ထုတ်ပြန်ပြီးယခုအခါ အမှတ် ၃ နှင့် ၄ တို့ ဖြန့်ဝေနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြီးခဲ့သည့် စတုတ္ထအကြိမ်အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် ဥပဒေ(၅)ခု၏ ဘာသာပြန်ဆိုချက်များကို ထုတ်ဝေနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနသို့ အပ်နှံထားပြီးဖြစ်ပါကြောင်း၊ လက်ရှိဘာသာပြန်ဆို ဆောင်ရွက်နေဆဲ ဥပဒေ(၁၃)ခုရှိပါကြောင်း၊ ၎င်းဥပဒေများ ပြီးစီးပါက ဘာသာပြန်ဆိုရန် ဥပဒေ(၄၃)ခုသာ ကျန်ရှိမည်ဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် ကျန်ရှိသည့် ဥပဒေများကိုလည်း အမှားအယွင်းမရှိအောင် သင့်လျော်သည့် အချိန်ကာလအတွင်း ပြီးစီးအောင် ဆက်လက်ကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။
အစည်းအဝေးသို့ ဥပဒေဘာသာပြန်ကော်မရှင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ဩဂုတ် ၂၉ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


