နေပြည်တော် ၂၈ ဩဂုတ်
ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေး စီမံကိန်းအတွက် လိုအပ်သော လျှပ်စစ်ဓါတ်အား ရရှိနိုင်ရေး၊ ပါရမီလမ်းနှင့် ရန်ကုန်-ပုသိမ် လမ်းတစ်လျှောက်၌ လိုအပ်သော မြေနေရာရရှိနိုင်ရေးနှင့် စီမံကိန်းအကောင်အထည်ဖော်ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်နိုင်ရေးတို့နှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးရန် ပြောကြားသည်။
ထို့နောက် JICA Study Team ကနဦးစီမံကိန်းတိုးတက်မှုများ၊ ဦးဆောင်ကော်မတီက ဆုံးဖြတ်ပေးရမည့် ကိစ္စရပ်များနှင့် ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။
သတင်းစဉ်


