ဘားအံ  ၂၈  ဩဂုတ်

 

ကရင်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ် ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းငွေကျပ် သိန်းတစ်ထောင်၊ ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ အချိုရည် အစရှိသည့် စားသောက်ကုန် ပစ္စည်းများနှင့် အဝတ်အထည်များကို ပေးအပ်လှူဒါန်းခဲ့သည်။

 

ကရင်ပြည်နယ်အတွင်း ဩဂုတ်လဆန်းပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ တောင်ကျရေများ စီးဆင်းခြင်းနှင့် မြစ်ရေချောင်းရေများ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိခဲ့ခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ယခုအခါ ရေများပြန်လည်ကျဆင်းသွားပြီဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မိဘပြည်သူများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့မှ ယခုကဲ့သို့ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)