လေးမျက်နှာ  ၂၉   သြဂုတ် 

 

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျရာတွင် ပြောင်းရွှေ့ရသည့် အိမ်ခြေငါးလုံးနှင့် လေပြင်းတိုက်ခက်မှုကြောင့် ပျက်စီးခဲ့သည့် အိမ်ခြေတစ်လုံး အတွက် ကယ်ဆယ်ရေးရန်ပုံငွေကျပ်ခြောက်သိန်းကျော်အား ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ 

 

အဆိုပါ ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စုများနှင့် လေဘေးသင့်အိမ်ထောင်စုတို့အတွက် အိမ်ဆောက် ပစ္စည်းတန်ဖိုးငွေကျပ် ၅၃၀ဝ၀ဝ နှင့် တစ်ပတ်စာဆန်ရိက္ခာ တန်ဖိုးငွေ ကျပ် ၇၇၇၀ဝ စုစုပေါင်း ငွေကျပ် ၆၀၇၇၀ဝ ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူ းရုံးမှတာဝန်ရှိသူများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ တာဝန်ရှိသူများက သဘာဝဘေးဒဏ်ခံစားရသော အိမ်ထောင်စုဝင်များအား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ယခုလ ၂၅ ရက်နှင့် ၂၇ ရက်နေ့က သောင်ဘုတ်ကျေးရွာအုပ်စု သောင်ဘုတ်ကျေးရွာနှင့် ယင်းဆယ် ကျေးရွာအုပ်စု ယင်းဆယ်ကျေးရွာတို့တွင် ငဝန်မြစ်ရေတိုက်စားခြင်းကြောင့် ကမ်းပါးပြိုကျမှုများ ဖြစ်ပွားခဲ့ရာ လူနေအိမ်ငါးလုံး ပြောင်းရွှေ့ခဲ့ရပြီး အလားတူသိမ်ကုန်းအုပ်စု ကပေါင်းကွင်း ကျေးရွာ တွင်လည်း  ယခုလ၂၇ ရက်နေ့က လေပြင်းတိုက်ခက်မှုကြောင့် လူနေအိမ်တစ်လုံး အမိုးလန်ပျက်စီးခဲ့ ခြင်းဖြစ်ကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူ းထံမှ သိရသည်။

 

ရွှေမိုး-လေးမျက်နှာ(ပြန်ဆက်)