ကွတ်ခိုင် ၂၉ သြဂုတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် မိခင်နှင့် ကလေးစောက်ရှောက်ရေးအသင်းရုံး၌ ယမန်နေ့ နံနက်ပိုင်းက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား အသိပညာပေးဟောပြောပွဲ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ယင်းအသိပညာပေးဟောပြောပွဲတွင် မြို့နယ် မိခင်နှင့် ကလေးစောက်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သိမ့်သိမ့်စိုးက ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း မိမိတို့၏ သန္ဓေသားကျန်းမာစေရန် အစာအုပ်စု(၃)အုပ်စုမှ အစာများအား အာဟာရဖြစ်စေရန် မျှတစွာ စားသုံးရန် လိုအပ်ပါကြောင်းနှင့် ကျန်မာရေးဆိုင်ရာ ဗဟုသုတများအား အလေးထားလိုက်နာရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝင့်ဝင့်မြိုင်က နို့တိုက် မိခင်များအနေဖြင့် မိမိတို့၏ ရင်သွေးငယ်လေးများအား မိမိတို့၏ နို့ဦးရည်ကိုသာ တိုက်ကျွေးရန် လိုအပ်ပါကြောင်း၊ အိုင်အိုဒင်းဆား၏ အကျိုးပြုပုံနှင့် ဝမ်းပျက်ဝမ်းလျှောခြင်းဆိုင်ရာ အသိပညာ ဗဟုသုတများ ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်ပြီး ဟောပြောပွဲသို့ တက်ရောက်လာသော ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား သက်ဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာမေးခွန်းများမေးမြန်းပြီး အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ကာ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)


